တပ်မတော်အနေဖြင့် ယခုကဲ့သို့စွမ်းစွမ်းတမံမဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင် ကြောင်းပြီး စနစ်တကျကိုင်တွယ်သွားရန်လိုကြောင်း ယာယီသမ္မတဦးမြင့်ဆွေပြောကြား
PUBLISHED - November 9, 2023
နေပြည်တော်၊ နိုဝင်ဘာ ၉
တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်ပြီး ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြော သည်။
မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယမန့်နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ သောင်းကျန်းသူများအရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံ အကူအညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန် ထမ်းဆောင်ကာကွယ်နိုင်ခဲ့ သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် အဓိကကျသည့် အချက် ၂ ချက်ကိုဦးစွာထောက်ပြလို ကြောင်း၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေး ဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစမှာ မူးယစ်ဆေးဝါးပြဿနာ ပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့် အသက် ဆက်ခဲ့ကြောင်း၊ ၎င်းလမ်းစဉ်ဖြင့် မူးယစ်ဆေးထုတ်လုပ်၊ သယ်ဆောင်ရောင်းချမှုကို ကာကွယ်ခဲ့ကြောင်း၊ လောင်းကစားကဲ့သို့ တရား မဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြဿနာ၏ အရင်း အမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မား ရေးကိုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍နှစ်မျိုးရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ် ရေးအတွက် အဓိကတာဝန်ရှိသော်လည်း မိမိတို့နိုင်ငံ၏သမိုင်း ကြောင်းအရ ပြည်တွင်းသောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက်မြင့်မားရေးဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ချင်းရွှေဟော်ဒေသမှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည် ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ် ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့တက်ရောက်ကြသည်။
#PeopleMedia