တပ်မတော်အရေးကိစ္စ အစိုးရဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ပြော
PUBLISHED - December 12, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂
ကာကွယ်ရေးဝန်ကြီးဌာနအုပ်ချုပ်ရေးအက်ဥပဒေပြန်လည်ပြင်ဆင်ဖို့ ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲရေးကို ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တစ်ဦးက အဆိုတင်သွင်းခဲ့ပြီးနောက် အစိုးရအနေနဲ့ တပ်မတော်ရေးရာ ကိစ္စတွေမှာ ဝင်ရောက်စွက် ဖက်ဖို့ ရည်ရွယ်ချက် လုံးဝမရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။
ဥပဒေကြမ်းမှာ အယူအဆတွေ ရောပြွန်းနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အသံအားလုံးကို နားထောင်ရမှာ ဖြစ်ကြောင်း ၎င်းက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဗုဒ္ဓဟူး) နေ့က ပြောပါတယ်။
“လက်ရှိအချိန်မှာ အစိုးရအနေနဲ့ တပ်မတော်ရေးရာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံအတွက် အကျိုးရှိတဲ့ဆောင်ရွက်မှုမှန်သမျှကို ဘက်ပေါင်းစုံက ပူးပေါင်းပြီး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
နောက်ထပ်စစ်တပ်အာဏာသိမ်းမှာကို ကာကွယ်ဖို့အတွက် လွှတ်တော်အမတ်ပရာယွတ်ဆီရီပန်းနစ်ချ်အဆို တင်သွင်းခဲ့တဲ့ အဲဒီဥပဒေမူကြမ်းထဲမှာ “ကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်အကြီးအကဲတွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတစ် ရပ်က အဆိုပြုတင်ပြထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေခန့်အပ်နိုင်ရေး ထောက်ခံဖို့အတွက် အစိုးရအဖွဲ့ကို အခွင့်အာဏာပေး ဖို့ ထည့်သွင်းထားတာဖြစ်ပါတယ်။
အဲဒီဥပဒေမူကြမ်းကို ညွန့်ပေါင်းအဖွဲ့က ဖုန်ဂျိုင်ထိုင်းပါတီနဲ့ UNT ပါတီတို့အပြင် အတိုက်အခံ ပါလန်ပရာချာရတ်ပါတီ (PPP) တို့ကပါ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုပြုချက်ဟာ ဖီယူထိုင်းပါတီနဲ့ ထိုင်းတပ်မတော်ကြား တင်းမာမှုတွေဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း စောင့် ကြည့်လေ့လာသူတချို့က ပြောပါတယ်။
အဆိုပြုချက်ကြောင့် ထိုင်းတပ်မတော်အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး ပဋိပက္ခဖြစ်ပေါ်လာနိုင်သလားလို့ မေးမြန်း တဲ့အခါ “တပ်မတော်အနေနဲ့ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိကြောင်း” မစ္စပေထောင်တန်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်းဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ပြီး အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားစေမှာထက် ငြိမ်းချမ်းတည်ငြိမ်ရေးပိုမိုအားကောင်းလာ အောင်သာ အာရုံစိုက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။
စီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့အတွက် တိုးတက်မှုကို အဟန့်အတားဖြစ်စေမယ့် ဘာ ပဋိပက္ခမှ ရှိလာမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
ဒီဥပဒေကြမ်းဟာ ပါတီက အဆိုတင်သွင်းတာမဟုတ်တဲ့အတွက် မစ္စတာပရာယွတ်အနေနဲ့ အဲဒီပြင်ဆင်ချက် ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းဖို့ ကြိုးပမ်းနိုင်ကြောင်း ဖီယူထိုင်းပါတီခေါင်းဆောင်လည်းဖြစ်တဲ့ မစ္စပေထောင်တန်က ပြောပါတယ်။
မစ္စတာပရာယွတ်က “တိုင်းပြည်မှာ စစ်တပ်က အကြိမ်ကြိမ်အာဏာသိမ်းတာကို နောက်ထပ်မမြင်လိုတော့တဲ့ အတွက်” ဒီဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပေမဲ့ အများစုက ကန့်ကွက်ရင် အဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်တယ် လို့ ပြောပါတယ်။
မစ္စတာပရာယွတ်ရဲ့ ဥပဒေမူကြမ်းဟာ ပါတီကအဆိုတင်သွင်းတာမဟုတ်တဲ့အတွက် အဲဒီဥပဒေကြမ်း တင်သွင်းမှုနဲ့ ဝေး ဝေးရှောင်နေကြဖို့ မစ္စပေထောင်တန်က ဖီယူထိုင်းပါတီဝင်တွေကို ပြောကြားထားပါတယ်။
ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းဖို့ မစ္စပေထောင်တန်ရဲ့ ပြောကြားချက်ကို မစ္စတာပရာယွတ်က ကြိုဆိုလိုက်ပါ တယ်။
မစ္စတာပရာယွတ်ရဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်က လူဦးရေ ၂၇၁၁၃ ဦးကို ဆန်းစစ်လေ့လာပြီး သဘော ထားကောက်ခံခဲ့ရာမှာ ၇၂.၄၇% က အဲဒီဥပဒေမူကြမ်းကို ကန့်ကွက်ပြီး ၂၇.၅၃% က ထောက်ခံခဲ့ပါတယ်။
Ref: Govt ‘won’t mess with military’
#PeopleMedia