တပ်သားသစ်တစ်ဦးကို အသက်ဆုံးရှုံးတဲ့အထိ အပြစ်ပေးခဲ့တဲ့ ထိုင်းနည်းပြစစ်သည် ၁၃ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရ
PUBLISHED - August 16, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၆
အသက် ၁၈ နှစ်အရွယ် တပ်သားသစ်တစ်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး အမှတ် ၂၁ ခြေလျင်တပ်ရင်းက စစ်သည် ၁၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တော်ဝင်ထိုင်းကြည်းတပ်က ပြောကြားလိုက်ပါတယ်။
သေဆုံးသွားတဲ့ စစ်သည်ရဲ့ကျန်ရစ်သူမိသားစုကိုလည်း လျော်ကြေးငွေထောက်ပံ့သွားမှာဖြစ်တယ်လို့ ထိုင်း ကြည်းတပ်က ပြောပါတယ်။
ဇွန်လက လေ့ကျင့်ရေးပြုလုပ်နေစဉ်အတွင်း ကြမ်းကြမ်းတမ်းတမ်း အပြစ်ပေးခံခဲ့ရတဲ့အတွက် တပ်သားသစ် ဝိုရာပရာတက်ချ်ဖတ်ဒ်မာဆကူလ်ဟာ သြဂုတ်လ ၂ ရက်နေ့မှာ သေဆုံးသွားကြောင်း ထိုင်းကြည်းတပ် ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ရစ်ချာဆပ်ဆူဝါနန်က ကြာသပတေးနေ့ (သြဂုတ် ၁၅ ရက်နေ့) က ပြောပါတယ်။
တပ်သားသစ်ကို သေတဲ့အထိ အပြစ်ပေးခဲ့တဲ့အတွက် နည်းပြစစ်သည် ၁၃ ဦးကို စွဲချက်တင်ထားပြီး ၎င်းတို့ကို ချွန်ဘူရီမှာရှိတဲ့ အမှတ် ၁၄ စစ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ဆိုပါတယ်။
လက်အောက်နည်းပြတွေရဲ့ဆောင်ရွက်မှုကို ကြီးကြပ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တပ်မှူးသုံးဦးကိုလည်း စစ် စည်းကမ်းအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
သေဆုံးသူတပ်သားသစ်ရဲ့မိသားစု ဥပဒေကြောင်းအရ ရင်ဆိုင်နိုင်ဖို့နဲ့ လျော်ကြေးငွေတွေရရှိဖို့အတွက်လည်း ထိုင်းကြည်းတပ်က ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး ရစ်ချာဆပ်ဆူဝါနန်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်မေးမြန်းစရာရှိတာတွေကို မေးမြန်းဖို့အတွက် အဆိုပါတပ်ရင်းက စစ်သည် တွေကို လွှတ်တော်ကို ဖိတ်ခေါ်သွားမှာဖြစ်ကြောင်း လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌ ဝီရာဂျ်လက်ခါနာဒီဆွန်က ၎င်းရဲ့ X လူမှုကွန်ရက်မှာ တင်ထားပါတယ်။
ညှင်းပန်းနှိပ်စက်ခြင်းနဲ့ အဓမ္မဖျောက်ဖျက်ခြင်း ကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုကျူးလွန်သူတွေကို နောက် ထပ်တရားစွဲဆိုနိုင်ရေးအတွက် ရှာဖွေတွေ့ရှိချက်တွေကို အောက်လွှတ်တော်ကော်မတီက အထူးစုံစမ်းစစ်ဆေး ရေးဌာန (DSI) နဲ့ အစိုးရရှေ့နေတွေထံကို ပေးပို့သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
စစ်သင်တန်းလေ့ကျင့်နေစဉ်အတွင်း သေဆုံးသွားတာဟာ တပ်သားသစ် ဝိုရာပရာတက်ချ်ဟာ ဒုတိယမြောက် စစ်သားဖြစ်ကြောင်း ပြည်သူ့ပါတီလွှတ်တော်အမတ် မစ္စတာ ဝီရာဂျ်လက်ခါနာဒီဆွန်က ပြောပါတယ်။
ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီရဲ့ ချွန်ဘူရီပြည်နယ်လွှတ်တော်အမတ်လောင်းဟောင်း တစ်ဦးဖြစ် သူ နစ်ချာနန်ဝန်ကဟတ်ကလည်း “၎င်းအနေနဲ့ တပ်သားသစ် ဝိုရာပရာတက်ချ်ရဲ့ ဈာပနကို သွားရောက်ခဲ့ပြီး မိ သားစုဝင်တွေနဲ့ စကားပြောခဲ့ကြောင်း” Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။
တပ်သားသစ်စုဆောင်းသူတွေက နှစ်အလိုက်မှတ်တမ်းတင်စုဆောင်းနေတဲ့အချိန်မှာ တပ်သားသစ် ဝိုရာပရာ တက်ချ်ဟာ မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင်း ဝင်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
Ref: 13 soldiers held over recruit’s death
#PeopleMedia