တပ်သားသစ် တိုးမြှင့်ရရှိဖို့အတွက် တက်တူးမူဝါဒကို ဗြိတိန်တော်ဝင်လေတပ် ပြောင်းလဲမည်
PUBLISHED - February 10, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀
တပ်ဖွဲ့ဝင်သစ်စုဆောင်းရရှိရေး ကြိုးပမ်းချက်တစ်ရပ်အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ ခန္ဓာကိုယ် ပိုင်းဆိုင်ရာမူဝါဒကို ဗြိတိန်တော်ဝင်လေတပ်က ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လက်နှစ်ဖက်မှာ တက်တူးတွေအပြည့်ထိုးထားသူတွေအနေနဲ့ ဗြိတိန်လေတပ်သားအဖြစ် လျှောက်ထားလာမယ် ဆိုရင် ပိတ်ပင်တားဆီးတော့မှာမဟုတ်ကြောင်း အသစ်ပြုပြင်လိုက်တဲ့ မူဝါဒထဲမှာ ထည့်သွင်းဖော်ပြထားပါ တယ်။
ဗြိတိန်ကြည်းတပ်နဲ့ တော်ဝင်ရေတပ်တို့က တပ်ဖွဲ့ဝင်သစ်စုဆောင်းရေးစည်းမျဉ်းတွေကို ဖြေလျော့ဖို့ ကြိုတင် ဆောင်ရွက်ပြီးနောက်မှာ အခုလို တက်တူးနဲ့ တပ်မတော်ထဲဝင်ခွင့်မပြုတဲ့မူဝါဒကို ပြောင်းလဲလိုက်တာဖြစ်ပါ တယ်။
အခုလို မူဝါဒပြောင်းလဲလိုက်တဲ့အတွက် အရင်က တပ်မတော်ထဲဝင်ခွင့်ပယ်ချခံခဲ့ရတဲ့ တပ်သားသစ်လောင်း များစွာဟာ လက်ရှိအချိန်မှာ ပြန်လည်ဝင်ရောက်ခွင့်ရရှိလာမှာဖြစ်ကြောင်း တော်ဝင်လေတပ်ရဲ့ မှတ်တမ်းတွေ ထဲမှာ တွေ့ရှိခဲ့ရကြောင်း Forces News က ပြောပါတယ်။
မူဝါဒအဟောင်းကြောင့် တပ်မတော်ထဲဝင်ခွင့်မပြုခဲ့တဲ့ တပ်သားသစ်လောင်းအရေအတွက် အတိအကျကို တော့ တော်ဝင်လေတပ်မှတ်တမ်းထဲမှာ ဖော်ပြထားခြင်းမရှိဘူးလို့ ဆိုပါတယ်။ အရင်တုန်းက တက်တူးကို လက်ထပ်လက်စွပ်နဲ့ ဖုံးကွယ်ထားလို့ရနိုင်တဲ့ လက်ချောင်းတစ်ချောင်းတည်းမှာသာ တက်တူးထိုးထားတဲ့ တပ်သားသစ်လောင်းတွေကိုသာ တော်ဝင်လေတပ်က ခွင့်ပြုခဲ့ပါတယ်။
အခုမူဝါဒအပြောင်းအလဲဟာ တပ်သားသစ်လောင်းတွေအတွက်သာမကဘဲ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေအတွက်ပါ အကျုံးဝင်ကြောင်း တော်ဝင်လေတပ်ပြောခွင့်ရပုဂ္ဂိုလ်က Forces News ကို ပြောပါ တယ်။
ဗြိတိန်တပ်မတော်အနေနဲ့ တပ်သားသစ်ရရှိရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့အချိန်မှာ တပ်သားသစ်စု ဆောင်းရေးမူဝါဒကို အခုလို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်တပ်မတော်မှာ ပုံမှန်တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင် ၁၈၄၀၀၀ ဦးနဲ့ အရန်တပ်တွေသာ ရှိတဲ့အတွက် စစ်ပွဲတစ်ပွဲဆင်နွှဲဖို့ အလွန်အင်အားနည်းတဲ့စစ်တပ်ဖြစ်နေကြောင်း ပြီးခဲ့တဲ့လက ဗြိတိန်ကြည်းတပ်ဦးစီးချုပ်က ဝန်ခံပြောကြားခဲ့ပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ တပ်သားသစ်စုဆောင်းရရှိမှုအခက်အခဲနဲ့ စစ်လက်နက်ပစ္စည်းလျော့နည်းမှုတွေကြောင့် ဗြိတိန်တပ်မတော်ဟာ စစ်ပွဲတစ်ရပ်ဆင်နွှဲဖို့ စွမ်းရည်မရှိသေးကြောင်း ဗြိတိန်လွှတ်တော် စစ်ရေးကော်မတီက လည်း ပြောကြားခဲ့ပါတယ်။
Ref: Royal Air Force Reverses Decades-Old Policy to Boost Recruitment
#PeopleMedia