• Follow Us on
Latest News

Home တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP လည်း ကျဆင်းနေကြောင်း နစကဒုဥက္ကဋ္ဌပြောဆို

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP လည်း ကျဆင်းနေကြောင်း နစကဒုဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP လည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုသည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်၏ အခွန်ငွေ ရရှိမှုလည်း များစွာဆုံးရှုံးနစ်နာရကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကြောင့် ကုန်ကျစရိတ်များလည်းရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုအပိုင်းအနေဖြင့် တရားမဝင်တင်သွင်းလာသော အရည်အသွေးမမီဘဲ ဈေးသက်သာသော ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များထုတ်လုပ် သည့် ထုတ်ကုန်ပစ္စည်းများတွင် အရည်အသွေးပြည့်မီခြင်းမရှိနိုင်သဖြင့် ပြည်တွင်းသုံးစွဲသူများကို ဘေးအန္တရာယ်ဖြစ်စေယုံသာမက ပြည်ပတင်ပို့မှုပိုင်းတွင်လည်း နိုင်ငံတကာဈေးကွက်၌ နှိုင်းယှဉ်ပါကလည်း အရည်အသွေးမမီသည့် ပို့ကုန်ပစ္စည်းများကြောင့် မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝေစုရရှိမှု များစွာထိခိုက်နစ်နာစေနိုင်ကြောင်း ပြောဆိုသည်။

 

အာမခံချက်မရှိဘဲ ဈေးပေါပေါဖြင့် တင်သွင်းလာသည့် အတု၊ အပ အရည်အသွေးမမီသည့် ကုန်ကြမ်း ပစ္စည်းများကြောင့် ပြည်တွင်းထုတ်လုပ်မှုတွင်လည်း အရည်အသွေးမမီခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည့် တရားမဝင်ကုန်သွယ်မှုများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာရုံသာမက တရားမဝင်ကုန်သွယ်မှုကြောင့် ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်စသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက် သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP ကိုလည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုး အနေဖြင့် ကုန်သွယ်မှု၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူကိစ္စရပ်များကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ဂုဏ်သိက္ခာကျဆင်းလာခြင်း၊ စာရိတ္တနှင့်စိတ်ဓါတ်များလျော့ကျလာခြင်းတို့ကြောင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း ထိခိုက်စေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမောင်းနှင် အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေး အရေးယူရန်လိုအပ်ကြောင်း ပြောဆိုသည်။

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၂) နှစ်နှင့် (၁၁) လ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ (၁၇၂၅၈) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၇၉ ဒသမ ၂၄၇) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post