တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမိုထိရောက်စွာကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူဆောင်ရွက်ကြရန်လိုအပ်နေကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား
PUBLISHED - February 20, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
တရားမဝင် ကုန်သွယ်မှုများကို ယခုထက်ပိုမိုထိရောက်စွာကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်း ဆီးအရေးယူဆောင်ရွက်ကြရန် လိုအပ်နေသည်မှာ ထင်ရှားနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲ ဆုံးရှုံးမှု များအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခြင်း၊ အမှန်တကယ် လုပ်ကိုင်နေသူများကို ထိခိုက်နစ်နာစေ ခြင်းနှင့် နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများမရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင် ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်သည့်လုပ်ငန်းများအား “အမျိုးသားရေးတာဝန်” အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းကြိုးပမ်းကြရန် ထပ်မံတိုက်တွန်းလိုကြောင်း ပြောသည်။
ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ် ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးကျပ် (၇၀ ဒသမ ၃၁) ဘီလီယံခန့် ပိုမို ဖမ်းဆီးနိုင်ခဲ့သည် ကို တွေ့ရှိရသော်လည်း တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည် ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ် စခန်းများနှင့် အမြဲတမ်း စစ်ဆေးရေးများတွင် တာဝန်ကျသည့် ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများကို ယခုထက်ပိုမိုထိရောက်စွာကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေး ယူဆောင်ရွက်ကြရန် လိုအပ်နေသည်မှာ ထင်ရှားနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာနက ပို့ကုန်ယာဉ်စစ်ဆေးမည့် X-Ray စက်နှင့်ပတ်သက်ပြီး ခေတ်မီ X-Ray စက် တပ်ဆင် နိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခွင့်ပြုခဲ့ပြီးဖြစ်၍ X-Ray စက်အသစ် တပ်ဆင်ခြင်းလုပ်ငန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူပြီး မြန်မြန်ဆန်ဆန် တပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရထား၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ်၊ ပြည်တွင်း ကမ်းရိုးတမ်းသွားရေယာဉ်များတွင် အသုံးပြုမည့် ကုန်တင်လွှာစနစ်၊ စံပြုလုပ်ငန်းစဉ်များ (SOPs) ကိုလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ စမ်းသပ် ကာလ (၃) လသတ်မှတ်ပြီး စတင်ဆောင်ရွက် နေပြီဖြစ်၍ သတ်မှတ်စမ်းသပ် ကာလများအတွင်း ပညာပေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက် သွားကြရန်နှင့် စမ်းသပ်ကာလပြီးဆုံးပါက စံပြုလုပ်ငန်းစဉ်များ (SOPs) နှင့်အညီ ထိထိရောက်ရောက် စစ်ဆေး ပြီး ကိုက်ညီမှုမရှိပါက အရေးယူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
#PeopleMedia