တရားမဝင်တရုတ်လုပ်ငန်းရှင်တွေ ထိုင်းကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေ
PUBLISHED - August 26, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၆
ထိုင်းနိုင်ငံထဲမှာ နိုင်ငံခြားသားတွေက ကမ္ဘာလှည့်ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဗန်ကားဒရိုင်ဘာ တွေအဖြစ် တရားမဝင်လုပ်ကိုင်နေကြသလို တရုတ်လုပ်ငန်းရှင်တွေကလည်း ထိုင်းလုပ်ငန်းရှင်အမည်ခံပြီး ထိုင်းနိုင်ငံသားတွေနဲ့အပြိုင် ဘတ်စ်ကားယာဉ်လိုင်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအဖွဲ့က (Thai Transportation Operators Association – TTOS) က ပြောပါတယ်။
တရုတ်ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေဟာ ဈေးနှုန်းလျှော့ပြီး အပြိုင်အဆိုင် ဝင်ရောက်လုပ် ကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါဘေးကနေ အပြည့်အဝ ပြန်ပြီးနာလန်မထူနိုင်သေးတဲ့ တရားဝင်လိုင်စင်ရ ထိုင်းဘတ်စ်ကား လုပ်ငန်းရှင်တွေကို တရားမဝင်နိုင်ငံခြားသားလုပ်ငန်းရှင်တွေက လာရောက်ယှဉ်ပြိုင်နေတာဖြစ်ကြောင်း TTOS ဥက္ကဋ္ဌ ဝါဆူချက်ဆိုဖွန်ဆတ်သီယန်က ပြောပါတယ်။
တရုတ်ကမ္ဘာလှည့်ခရီးသွားတွေနဲ့ တရားမဝင်နိုင်ငံခြား ကုမ္ပဏီတွေဟာ ဘတ်စ်ကားကြီးတွေကနေ ဗန်ကား၊ မီနီ ဗန်ကားတွေအထိ ဝင်ရောက်အခြေပြုလုပ်ကိုင်နေကြောင်း ၎င်းက ပြောပါတယ်။
ကာလရှည်နေထိုင်တဲ့ နိုင်ငံခြားသားတချို့ဟာ ဒရိုင်ဘာလိုင်စင်လျှောက်ထားပြီးတော့ဖြစ်စေ ဒါမှမဟုတ် နိုင်ငံ တကာဒရိုင်ဘာလိုင်စင်ကို အသုံးပြုပြီးတော့ဖြစ်စေ ကမ္ဘာလှည့်ခရီးသွားအဖွဲ့ငယ်လေးတွေကို တရားမဝင်လိုက် လံပို့ဆောင်ပေးနေကြတယ်လို့ မစ္စတာ ဝါဆူချက်က ပြောပါတယ်။
ကားမောင်းလုပ်ငန်းဟာ ထိုင်းနိုင်ငံသားတွေအတွက် ကန့်သတ်ထားတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။
နိုင်ငံခြားသားလုပ်ငန်းရှင်တချို့ဟာ ထိုင်းနာမည်ခံ မှတ်ပုံတင်ပြီး ဗန်ကားလုပ်ငန်းရော ဘတ်စ်ကားလုပ်ငန်းတွေ ကိုပါ ဆောင်ရွက်နေတယ်လို့ ၎င်းက ပြောပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ဖောက်သည်တွေနဲ့ ဈေးကွက်များများရအောင် ဝန်ဆောင်ခတွေကို လျှော့ချပြီး လုပ်ငန်း ဆောင်ရွက်နေကြောင်း မစ္စတာ ဝါဆူချက်က ပြောပါတယ်။
ဥပမာ ထိုင်းလုပ်ငန်းရှင်တွေက သုဝဏ္ဏဘူမိလေဆိပ်ကနေ ပတ္တယားကမ်းခြေကို ဆီဖိုးအပါအဝင် ဘတ်စ်ကား ဝန်ဆောင်ခ ပုံမှန် ဘတ် ၇၀၀၀ သတ်မှတ်ထားပေမဲ့ အဲဒီထိုင်းနာမည်ခံ တရုတ်လုပ်ငန်းရှင်တွေက အဲဒီလမ်း ကြောင်းကိုပဲ ဈေးနှုန်းထက်ဝက်လျှော့ချပြီး ဝန်ဆောင်မှုပေးနေကြောင်း ၎င်းက ပြောပါတယ်။
အဲဒီတရုတ်လုပ်ငန်းရှင်အများအပြားဟာ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေလို ၎င်းတို့ကွန်ရက်အတွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားအေးဂျင့်တွေ၊ အော်ပရေတာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မစ္စတာ ဝါဆူချက်က ပြောပါတယ်။
နိုင်ငံပေါင်း ၉၃ နိုင်ငံကို ဗီဇာမပါဘဲ ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုလိုက်တာကြောင့် နိုင်ငံခြားသားတွေ ဘတ်စ် ကားလုပ်ငန်းနဲ့ ဗန်ကားလုပ်ငန်းတွေမှာ တရားမဝင် ဝင်ငွေရှာဖို့ လာရောက်လုပ်ကိုင်ခွင့်ရရှိသွားကြောင်း ၎င်းက ပြောပါတယ်။
အဲဒီတရားမဝင် မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ကမ္ဘာလှည့်ခရီးသွားတွေက ၎င်းတို့အချင်း ချင်း ဆက်သွယ်အသုံးပြုတဲ့ foreign payment applications ခေါ် အွန်လိုင်းကတစ်ဆင့် ငွေပေးချေတဲ့အတွက် အခွန်ရရှိရေး ခြေရာခံထောက်လှမ်းဖို့ ထိုင်းအာဏာပိုင်တွေအတွက် ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
“ဒီဥပမာတွေကိုကြည့်ရင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေတွေက ထိုင်းနိုင်ငံထဲက ဒေသခံလုပ်ငန်းရှင်တွေ ဆီကိုရောက်မလာဘဲ နိုင်ငံခြားသားလုပ်ငန်းရှင်တွေဆီကို ရောက်သွားတာတွေ့ရမှာဖြစ်ပါတယ်။” လို့ မစ္စတာ ဝါဆူချက်က ပြောပါတယ်။
၂၀၁၉ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားပေါင်း ၄၀၀၀၀ ရှိခဲ့ရာမှ လက်ရှိအချိန်မှာ ဘတ်စ်ကား ၁၃,၀၀၀ ကနေ ၁၄,၀၀၀ အထိသာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း အလုပ်မ ရှိတဲ့ ဘတ်စ်ကားတွေ ပြန်လည်လည်ပတ်နိုင်ဖို့အတွက် ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကား ကုမ္ပဏီ အများအပြား ဟာ ရန်ပုံငွေပြတ်လပ်နေဆဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
Ref: Complaints over illegal Chinese bus services
#PeopleMedia