တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများတိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
PUBLISHED - July 15, 2024
နေပြည်တော်၊ ဇူလိုင် ၁၅
တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား အခြားသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက်တွင် နယူးဒေလီမြို့ရှိ အိန္ဒိယဝန်ကြီးချုပ်အိမ်တော်၌ စုပေါင်းတွေ့ဆုံခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၁ရက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နှင့် လည်းကောင်း၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မိုဟာမတ်ဟာဆန်မာမွတ်နှင့်လည်းကောင်း နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ် ဟိုတယ်၌ သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုး တက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ ရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရားမဝင်မူး ယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက် ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြု ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပြီး ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ် လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် သွားရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံရေးအပါအဝင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာ – ဘင်္ဂလားဒေ့ရှ်ကုန်သည်ကြီးများ အသင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ ကြသည်။
#PeopleMedia