• Follow Us on
Latest News

Home တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၀၀၀)ကျော်ကို ပြန်လည်လွှဲအပ်ပေးရန် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း

တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၀၀၀)ကျော်ကို ပြန်လည်လွှဲအပ်ပေးရန် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၀၃၀)ဦးကို ပြန်လည်လွှဲအပ်ပေးရန် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တဆင့် တရားမဝင် ဝင်ရောက်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူ (၁၀၃၀) ဦးကို  ဇန်နဝါရီလ (၃၀)ရက်မှ ဖေဖော်ဝါရီလ (၁၆)ရက်အတွင်း ဖော်ထုတ်ထိမ်းသိမ်းနိုင်ခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲအပ်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းပြည်ပနိုင်ငံသားများကို အမြန်ဆုံး လွှဲပြောင်းနိုင်ရေးအတွက် အရေးယူ ပြည်နှင် လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး၊ ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူးတို့သည် မြဝတီမြို့သို့ ရောက်ရှိခဲ့သည်။

 

ယင်းအပြင် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတဆင့် ဝင်ရောက်လာကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှု အခြေအနေများကို လိုက်လံကြည့်ရှု လေ့လာကြသည်။

 

 

ယင်းနောက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် မြဝတီမြို့တွင် ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူလျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများအား တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post