တရုတ်ကိုတင်ပို့နေတဲ့ ထိုင်းဒူးရင်းသီးပြည်ပဈေးကွက်ကို ဗီယက်နမ်ခြိမ်းခြောက်နေ

PUBLISHED - May 4, 2024
နိုင်ငံတကာ၊ မေ ၄
တရုတ်နိုင်ငံကို ထိပ်ဆုံးကနေ ဒူးရင်းသီးတင်ပို့နေတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ရပ်တည်မှုအနေအထားဟာ အန္တရာယ်ရှိလာနိုင်တယ်လို့ ဆင်ဟွာသတင်းဌာနကို ကိုးကားပြီး ဒူးရင်းသီးစိုက်ပျိုးသူတစ်ဦးက ပြောကြားလိုက် ပါတယ်။
အခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံရဲ့ အဓိကနယ်စပ်စစ်ဆေးရေးစခန်းတစ်ခုဖြစ်တဲ့ ယူယီဂူဝန်က တစ်ဆင့် ဒူးရင်းသီးတန်ချိန် ၄၈,၀၀၀ တင်သွင်းခဲ့ကြောင်း ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
အဲဒီဒူးရင်းသီးဝင်ရောက်မှုမှာ တန်ချိန် ၃၅,၀၀၀ က ဗီယက်နမ်ကဝင်လာတာဖြစ်ပြီး တန်ချိန် ၁၃,၀၀၀ ကတော့ ထိုင်းနိုင်ငံက ဝင်လာတာဖြစ်တယ်လို့ ဆင်ဟွာက ပြောပါတယ်။
အဲဒီကိန်းဂဏန်းအချက်အလက်အရ ဗီယက်နမ်ပို့ကုန်က ၄၈.၁% မြင့်တက်သွားပြီး ထိုင်းပို့ကုန်က ၅၉.၅% ကျ ဆင်းသွားတယ်လို့ ဆိုပါတယ်။
ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီးပို့ကုန်ကျဆင်းသွားတဲ့အကြောင်းရင်းတွေထဲမှာ တစ်စိတ် တစ်ပိုင်းအားဖြင့် ထိုင်းနိုင်ငံမှာ မိုးခေါင်မှုနဲ့ အပူရှိန်မြင့်တက်မှုတို့ကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ဒူးရင်းသီးစိုက် ပျိုးသူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံက ဒူးရင်းသီး တန်ချိန် ၁.၄၂ သန်း တင်သွင်းခဲ့ရာ ထိုင်းနိုင်ငံက ၉၂၈,၆၄၄ တန် (၆၅.၁၉%)၊ ဗီယက်နမ်က ၄၉၂,၁၁၁ တန် (၃၄.၅၅%) နဲ့ ဖိလစ်ပိုင်က ၃,၇၇၀ တန် (ဝ.၂၆%) တို့ တင်သွင်းခဲ့ ပါတယ်။
တရုတ်နိုင်ငံက ဒူးရင်းသီးစားသုံးသူတွေဆီကရရှိတဲ့သတင်းအချက်အလက်တွေအရသိရတာကတော့ ထိုင်းနိုင် ငံဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ဒူးရင်းသီးတင်သွင်းတဲ့ တရုတ်ကုမ္ပဏီတစ်ခုကတော့ ၎င်းတို့အနေနဲ့ ၂၀၂၃ ခုနှစ် မတိုင်ခင်က ဒူးရင်းသီးတွေကို ထိုင်းနိုင်ငံတစ်နိုင်ငံတည်းက တင်သွင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ စားသုံးသူဝယ်လိုအားမြင့်တက်လာတာကို အမီ ဖြည့်ဆည်းနိုင်ဖို့အတွက် အမျိုးမျိုး ပြောင်းလဲဝယ်ယူလာရကြောင်း ဆင်ဟွာကို ပြောပါတယ်။
လက်ရှိအချိန်မှာ တရုတ်ဝယ်လက်တွေဟာ ထိုင်းနဲ့ ဗီယက်နမ် နှစ်နိုင်ငံဆီကနေ ခွဲဝေဝယ်ယူနေကြပါတယ်။
ဗီယက်နမ်ဟာ တရုတ်နိုင်ငံနဲ့ ဆက်သွယ်ရေးလမ်းကြောင်းပိုမိုနီးကပ်တာမို့ အချိန်နဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ပိုမိုသက်သာတဲ့အတွက် ဈေးကွက်မှာအသာရနေပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကတည်းက ၎င်းတို့ရဲ့ ဈေးကွက်ဝေစုတွေ လျော့ကျလာတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ဒူးရင်းသီးပို့ကုန်အရည်အသွေးကို ထိန်းသိမ်းပြီး ယှဉ်ပြိုင်မှုစွမ်းရည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားလုပ်ကိုင်ဖို့လိုအပ်ကြောင်း ဆင်ဟွာသတင်းထဲမှာဖော်ပြထားပါတယ်။
အဲဒီလို ထိန်းသိမ်းဆောင်ရွက်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ လော်ဂျစ်စတစ်ကဏ္ဍကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆင်ဟွာက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံက ဒူးရင်းသီးတွေကိုသာ တင်သွင်းခွင့်ပြုထားတာဖြစ်ပါ တယ်။
Ref: Thai durian export dominance to China threatened by Vietnam
#PeopleMedia