တရုတ်ကို တုံ့ပြန်ဖို့ AUKUS မဟာမိတ်အဖွဲ့ထဲကို ကနေဒါ ဝင်ရောက်လိုကြောင်းပြော
PUBLISHED - September 18, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၈
အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်ရေးသြဇာလွှမ်းမိုးမှုကို တန်ပြန်ကာကွယ်ဖို့အတွက် သြစတေးလျ၊ ဗြိတိန်၊ အမေရိကန် သုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ဖို့ ကနေဒါနိုင်ငံက စိတ်ဝင်စားနေပါတယ်။
AUKUS လို့ အမည်ပေးထားတဲ့ အဲဒီသုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှု မြှင့်တင်ရေးနဲ့ နည်းပညာအပြန်အလှန်မျှဝေသွားရင်း ကာကွယ်ရေးစွမ်းရည်တွေ မြှင့်တင်သွားဖို့ ရည်ရွယ်ထား တဲ့အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့ ကနဦးအဆင့် လှုပ်ရှားမှုအဖြစ် သြစတေးလျအစိုးရကို နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။
ကနေဒါနိုင်ငံအနေနဲ့ AI နည်းပညာနဲ့ ကွမ်တမ်ကွန်ပျူတိန်းလို စစ်ဘက်ဆိုင်ရာနည်းပညာနယ်ပယ်တွေမှာ ပူး ပေါင်းဆောင်ရွက်ဖို့အတွက် ဒုတိယအဆင့်အဓိကမဟာမိတ်နိုင်ငံအနေနဲ့ ပါဝင်လိုကြောင်း ကနေဒါကာကွယ် ရေးဝန်ကြီး ဘီလ်ဘလဲလ်က ပြောပါတယ်။
“ဂျပန်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံတို့ပါဝင်နိုင်တဲ့ အရေးကြီးတဲ့လမ်းကြောင်းတစ်ခုအကြောင်းကို အသေးစိတ် ဆွေးနွေးနေပါတယ်။” လို့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ကနေဒါ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
“သူတို့တွေ ဆုံးဖြတ်ပြီးတဲ့အချိန်အထိ ကျွန်တော် တလေးတစား စောင့်နေမှာပါ။ ဒိကိစ္စနဲ့ ပတ်သက်ပြီး ကျွန် တော်အကောင်းမြင်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဂျပန်နိုင်ငံက AUKUS အဖွဲ့ရဲ့ စတုတ္ထမြောက်နိုင်ငံအဖြစ် ပါဝင်ချင်ကြောင်း ပြောဆိုလိုက်တဲ့အချိန်မှာ အခုလို AUKUS မဟာမိတ်အဖွဲ့ကို တိုးချဲ့ဖို့အကြောင်း ပြောဆိုဆွေးနွေးလာတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ခေတ်မီစစ်ဘက်ဆိုင်ရာနည်းပညာတွေမှာ ကြီးမားစွာရင်းနှီးမြှုပ်နှံထားတာကို ထောက်ရှုပြီး AUKUS အဖွဲ့တည်ထောင်ခဲ့တဲ့နိုင်ငံတွေက specific Pillar 2 defense projects မှာ ဂျပန်နိုင်ငံကို ပါဝင်ခွင့် ပြုဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ နယူးဇီလန်နိုင်ငံတို့ကလည်း AUKUS အဖွဲ့ရဲ့ second pillar ကို အထောက်အကူပြုဖို့ စိတ် ဝင်စားကြောင်း ပြောဆိုရင်း AI နည်းပညာ၊ ရေအောက်နည်းပညာ၊ အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ ဆိုက်ဘာ စစ်ဆင်ရေးတို့လို နယ်ပယ်တွေက နည်းပညာကျွမ်းကျင်မှုတွေကို ကမ်းလှမ်းထားပါတယ်။
AUKUS အဖွဲ့ရဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် နောက်ထပ် နိုင်ငံတွေကို ထပ်မံ လက်ခံသွားဖို့ တံခါးဖွင့်ထားကြောင်း အမေရိကန်နိုင်ငံက အရင်တုန်းက ပြောခဲ့ဖူးပါတယ်။
Ref: After Japan, Canada Wants In on AUKUS Alliance to Counter China
#PeopleMedia