• Follow Us on
Latest News

Home တရုတ်ကို သတင်းရောင်းစားတဲ့ အမေရိကန်ရေတပ်ဖွဲ့ဝင်ဟောင်းကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၂၇ လ ချမှတ်

တရုတ်ကို သတင်းရောင်းစားတဲ့ အမေရိကန်ရေတပ်ဖွဲ့ဝင်ဟောင်းကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၂၇ လ ချမှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

 

အင်ဒို-ပစိဖိတ် ဒေသတွင်း အမေရိကန်စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်သတင်းတွေကို တရုတ် ထောက်လှမ်းရေးတွေကို ရောင်းစားခဲ့တဲ့အတွက် အမေရိကန်ရေတပ်က တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို ကယ်လီ ဖိုးနီးယားပြည်နယ် ဖက်ဒရယ်ခရိုင်တရားရုံးတစ်ခုက တနင်္လာနေ့ (ဇန်နဝါရီလ ၈ ရက်နေ့) က ထောင်ဒဏ် ၂၇ လ ( ၂ နှစ်နဲ့ ၃ လ) ချမှတ်လိုက်ပါတယ်။

 

သောမတ်ဂျောင်းလို့လည်း သိထားကြတဲ့ ဝန်းဟန်ဂျောင်းဆိုသူဟာ လာဘ်ငွေတွေယူဆောင်ပြီး ပြည်ပနိုင်ငံက ရန်သူနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ဝန်ခံခဲ့ပါတယ်။

 

ဝန်းဟန်ဂျောင်းဟာ ဒေါ်လာ ၁၅၀၀၀ ကို ၁၄ ကြိမ်ခွဲပြီး လက်ခံရရှိခဲ့တယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။

 

“ဂျောင်းဟာ တရုတ်နိုင်ငံက ထောက်လှမ်းရေးအရာရှိတစ်ဦးထံက လာဘ်ငွေတွေကို လက်ခံရယူလိုက်တဲ့အချိန် မှာ သူ့နိုင်ငံကို သစ္စာဖောက်ပြီး သူ့ကိုယ်သူ ဂုဏ်သိက္ခာကင်းမဲ့အောင် ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။” လို့ အမေရိကန်ပြည်ထောင်စု ရှေ့နေ မာတင်အက်စ်ထရာဒါရဲ့ ပြောဆိုမှုကို တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။

 

သြဂုတ်လအတွင်း အဖမ်းခံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ကယ်လီဖိုးနီယားပြည်နယ် မွန်ထရီပတ်မြို့သား ဂျောင်းဟာ ကယ်လီဖိုးနီးယားပြည်နယ် ဗန်တူရာကောင်တီမှာရှိတဲ့ အမေရိကန်ရေတပ်အခြေစိုက်စခန်းတစ်ခု မှာ petty officer (ရေတပ်တပ်ကြပ်ကြီး) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ဲတဲ့ ဂျောင်းဟာ အမေရိကန်ကို ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၂၁ ခုနှစ် မှာ အမေရိကန်နိုင်ငံသားဖြစ်လာကာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ရေတပ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။

 

ဂျောင်းဟာ ၂၀၂၁ ခုနှစ် သြဂုတ်လနဲ့ ၂၀၂၃ ခုနှစ် မေလကြားထဲက လော်ဂျစ်စတစ်/ စစ်ဆင်ရေးထောက်ပံ့မှု တွေနဲ့အတူ တပ်တည်နေရာအတိအကျနဲ့ ရေတပ်လှုပ်ရှား မှုတွေအကြောင်းပါဝင်တဲ့ ဓာတ်ပုံတွေ/ဗီဒီယိုဖိုင်တွေ ကို စုဆောင်းထားပြီး လွှဲပြောင်းပေးခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

 

ခိုးယူစုဆောင်းထားတဲ့သတင်းအချက်အလက်တွေထဲမှာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းက အမေရိကန်စစ်စခန်း တစ်ခုမှာတပ်ဆင်ထားတဲ့ ရေဒါစနစ်တစ်ခုရဲ့ ပုံကြမ်းတွေနဲ့ အသေးစိတ်အစီရင်ခံစာတွေလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ဝန်းဟန်ဂျောင်းဟာ ၎င်းကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ကျခံရမယ့်အရေးနဲ့ ရင် ဆိုင်နေရတာဖြစ်ပါတယ်။

 

၎င်းကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး သူ့ရဲ့ထောင်ဒဏ်သက်တမ်းကို သူ အဖမ်းခံခဲ့ရတဲ့ကာလကနေ စတင်ရေတွက်သွားမှာဖြစ်ပါတယ်။ ဂျောင်းဟာ ဒဏ်ငွေ ဒေါ်လာ ၅,၅၀၀ လည်း ပေးဆောင်ရဦးမှာဖြစ်ပါတယ်။

 

ဂျောင်းကို အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာဟာ တရုတ်နိုင်ငံဖြစ်စေ တခြားအမေရိကန်ရဲ့ပြိုင်ဘက်နိုင်ငံတစ်ခုခုက ဖြစ်စေ ငွေကြေးနဲ့ဖျားယောင်းလာတဲ့ဒဏ်ကို မခံနိုင်တဲ့ ဘယ်သူမဆို အခုလို တာဝန်ခံရမှာပဲဖြစ်တယ်ဆိုတာကို ရှင်းလင်းပြတ်သားစွာ အသိပေးလိုက်တာဖြစ်ကြောင်း FBI ရဲ့ လော့စ်အိန်ဂျလိစ်မြို့ အမှုဖွင့်အရာရှိ ဒေါ်နယ်လ် အောလ်ဝေးက ပြောပါတယ်။

 

ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ “၎င်းတို့အနေနဲ့ ဒီအမှုဖြစ်စဉ်ကို အသေးစိတ်မသိပေမဲ့ မကြာသေးခင် နှစ်တွေအတွင်း အမေရိကန်အစိုးရနဲ့ မီဒီယာတွေဟာ နောက်ပိုင်းမှာ အခြေအမြစ်မရှိကြောင်း သက်သေပြနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်စပ်တဲ့ သူလျှိုသတင်းတွေနဲ့ အစိုးရိမ်လွန်အကြောက်ပိုနေကြကြောင်း” ပြောပါတယ်။

 

Ref: US sailor in prison for giving China military info

 

#PeopleMedia


Share this post