တရုတ်ကုမ္ပဏီတွေဝင်လာလည်း လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍာ တိုးတက်အောင် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရပြော
PUBLISHED - March 25, 2024
နိုင်ငံတကာ၊ မတ် ၂၅
တရုတ်လျှပ်စစ်ကားထောက်ပံ့ရေးကွင်းဆက် ပြည်တွင်းကားထုတ်လုပ်ရေးလုပ်ငန်းကို ရောက်ရှိလာမယ့် အရေး နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံရဲ့လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍ တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် လာဗရွန်ဆောင်းစ်နစ်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ လျှပ်စစ်ကားထုတ်လုပ်ရေးမြှင့်တင်ဖို့ မူဝါဒတွေကို ထိုင်းနိုင်ငံက အကောင်အထည်မဖော်ဘူးဆိုရင် ဘယ်အဖွဲ့အစည်းကမှ ထို်င်းနိုင်ငံမှာလာပြီး စက်ရုံလာဆောက်မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ မတူတာက ဘက်ထရီထုတ်လုပ်ဖို့ အရေးကြီးတဲ့ကုန်ကြမ်းတွေမရှိတဲ့အတွက် အဲဒီအဖွဲ့အစည်း တွေက ထိုင်းနိုင်ငံကိုလျစ်လျူရှှုသွားမှာပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတည်ထောင်မယ်ဆိုရင် ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမယ့် အလုပ်က လျှပ်စစ်ကားကို ပြည်တွင်းဝယ်လိုအားရှိအောင် ဖန်တီးရမှာဖြစ်ပါတယ်။ ဒီကိစ္စက ကြက်မနဲ့ ကြက်ဥ ဘယ်အရာက အရင်စသလဲဆိုတာလို ဖြစ်နေတယ်။ ပြည်တွင်းလိုအားတောင် လုံလုံလောက်လောက်မရှိဘဲနဲ့ ကုမ္ပဏီတွေက ဒီနိုင်ငံမှာ လျှပ်စစ်ကားစက်ရုံလာဆောင်ပါ့မလား။” လို့ မစ္စတာ လာဗရွန်က ပြောပါတယ်။
“လျှပ်စစ်ကား ပြည်တွင်းဝယ်လိုအားထွက်လာအောင် လုပ်ကို လုပ်ရမှာ။ လျှပ်စစ်ကားထုတ်လုပ်ရေးဟာ ပြည် တွင်းဈေးကွက်ကိုသာမက အရှေ့တောင်အာရှကိုပါ အဓိကပစ်မှတ်ထားဆောင်ရွက်ရမှာပါ။ ထိုင်းနိုင်ငံကနေ ပြည်ပဈေးကွက်ကိုတင်ပို့ရာမှာ အာဆီယံကုန်သွယ်မှုလွတ်လပ်ခွင့် အကျိုးကျေးဇူးကို ခံစားရမှာပါ။” လို့ ၎င်းက ပြောပါတယ်။
ပထမဦးစားပေးလုပ်ငန်းက လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေကို ထိုင်းနိုင်ငံမှာ စက်ရုံလာရောက်တည် ဆောက်နိုင်ရေးအတွက် အားပေးတိုက်တွန်းရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အလွှာ ၂ နဲ့ အလွှာ ၃ ကားအစိတ်အပိုင်းထုတ်လုပ်မှုတွေဟာ အဆင့်မြင့်အရည်အသွေးရှိတာ ကြောင့် နောက်ဆုံးမှာ အဲဒီကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံထဲမှာ ထုတ်လုပ်ထားတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ ကို အသုံးပြုလာမှာဖြစ်ကြောင်း မစ္စတာ လာဗရွန်က ပြောပါတယ်။
တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ အာဆီယံဈေးကွက်ထဲမှာ လျှပ်စစ်ကားတွေ ရောင်းချချင်တယ်ဆို ရင် အခွန်သက်သာခွင့်ရရှိအောင် အာဆီယံဒေသတွင်းမှာထုတ်လုပ်တဲ့ ကုန်ကြမ်းတွေနဲ့ အစိတ်အပိုင်းတွေရဲ့ ၄၀% ကို အသုံးပြုရမယ်ဆိုတဲ့ AFTA (အာဆီယံကုန်သွယ်မှုလွတ်လပ်ခွင့်) သဘောတူညီချက်အရ သတ်မှတ် ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ကြောင်း ပန်ယာပီဝတ်စီမံခန့်ခွဲမှုအင်စတီကျူရဲ့ဥက္ကဋ္ဌ ဆမ်ပေါ့မနာ ရန်ဆန်က ပြောပါတယ်။
ကားထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကြီးမားခြင်းနဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် အစိုးရက အားပေး ထောက်ပံ့ခြင်းတို့အပြင် မက်လုံးအဖြစ် ထောက်ပံ့ငွေများပေးအပ်ခြင်း/ အခွန်လျှော့ပေါ့ပေးခြင်းတို့ရှိတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံထဲက လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားတာဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ နှစ်စဉ် ကားအစီးရေ ၂ သန်းအထိ ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ပြည်ပနိုင်ငံကို အဓိက တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရေးအတွက် ကုန်ကြမ်းဖြစ်တဲ့ လစ်သီယန်သတ္တု အရန် တွေရှိနေပေမဲ့ ထိုင်းနိုင်ငံရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းက ပိုမိုကြီးမားတာမို့လို့ လျှပ်စစ်ကားထုတ်လုပ်ရေး ခေတ်ကို အင်ဒိုနီးရှားကို ကျော်လွန်ပြီး ပိုမိုလျင်မြန်စွာ ခုန်ကူးသွားနိုင်တယ်လို့ မစ္စတာ ဆမ်ပေါ့မနာ ရန်ဆန်က ပြောပါတယ်။
Ref: Official: Stay the course on EV sector
#PeopleMedia