တရုတ်ကုမ္ပဏီတွေ ဖိလစ်ပိုင်စစ်သားဟောင်းနဲ့ လက်ရှိစစ်သားတွေကို ရှာဖွေစုဆောင်းနေ
PUBLISHED - April 10, 2024
နိုင်ငံတကာ၊ ဧပြီ ၁၀
တရုတ်ကုမ္ပဏီအများအပြားဟာ သူလျှိုလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ဖိလစ်ပိုင်တပ်မတော်က လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကိုရော စစ်သည်ဟောင်းတွေကိုပါ ရှာဖွေစုဆောင်းနေကြောင်း ဖိလစ် ပိုင်သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
အဲဒီတရုတ်ကုမ္ပဏီတွေဟာ ၎င်းတို့အပေါ် သံသယမဝင်အောင် အမေရိကန်နဲ့ ဥရောပက ကုမ္ပဏီတွေအဖြစ် ဟန်ဆောင်ထားကြောင်း သတင်းအချက်အလက်ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးဒုတိယဝန်ကြီး ဂျက်ဖရီအီ ယန်ဒီက ပြောပါတယ်။
ဖိလစ်ပိုင်တပ်မတော်နဲ့ ဆက်နွယ်တဲ့သူတွေကို “အွန်လိုင်းဆန်းစစ်လေ့လာသူတွေ” အဖြစ် အချိန်ပိုင်းအလုပ် ပေးမှာဖြစ်ကြောင်း အဲဒီကုမ္ပဏီတွေက ကမ်းလှမ်းနေပါတယ်။
အဲဒီကုမ္ပဏီတွေက အခုလို အွန်လိုင်းကတစ်ဆင့် ဖိလစ်ပိုင်တပ်မတော်နဲ့ ဆက်နွယ်နေသူတွေကို ရှာဖွေစု ဆောင်းနေတာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်းလောက်က စတင်သိရှိခဲ့တာဖြစ်ကြောင်း သတင်းအ ချက်အလက်ဝန်ကြီးဌာနက ပြောပါတယ်။
“အင်တာနက်ပေါ်မှာ WHOIS လို့ ခေါ်တဲ့ facility တစ်ခုရှိပါတယ်။ အဲဒီ facility က ဝက်ဆိုက်တွေကို ဘယ်သူ တွေက မှတ်ပုံတင်ထားတယ်ဆိုတာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ အဲဒီစနစ်ကတစ်ဆင့် စစ်ဆေးကြည့်လိုက်မယ် ဆိုရင် အဲဒီကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေအဖြစ် မှတ်ပုံတင်ထားကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။” လို့ ဂျက်ဖရီအီယန်ဒီက ဒေသတွင်းရုပ်သံအစီအစဉ်တစ်ခုကို ပြောပါတယ်။
အခုသတင်းနဲ့ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (DND) နဲ့ ထောက်လှမ်းရေးအဖွဲ့ကို သတင်း ပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် တိကျသေချာစွာ စုံစမ်းစစ်ဆေးသွားဖို့ ဖိလစ်ပိုင်တပ်မတော် ကို ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကို အရှိန်မြှင့်ဆောင်ရွက်နေပေမဲ့ ပြဿနာအသစ်ဖြစ်တဲ့အတွက် အသေးစိတ်ပြောဆို ဖို့ မရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အာဆီနီယိုအန်ဒိုလောင်းက ပြောပါတယ်။
“ဒီကိစ္စဟာ ဆိုက်ဘာရာဇဝတ်မှုဖြစ်တဲ့အတွက် ဌာနပေါင်းစုံ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားတဲ့အတွက် ခြေရာခံရှာဖွေဖော်ထုတ်ဖို့ အရမ်း ခက်ခဲပါတယ်။” လို့ ၎င်းက GMA News Online မီဒီယာကို ပြောပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ ၎င်းတု့ိအတွက် အလုပ်လုပ်ပေးဖို့ တစ်နာရီကို ဒေါ်လာအများအပြားပေးမယ်လို့ ကမ်း လှမ်းနေတဲ့အတွက် ဖိလစ်ပိုင်တပ်မတော်နဲ့ ဆက်နွယ်နေသူအားလုံး အွန်လိုင်းသတိရှိကြဖို့ ဂျက်ဖရီအီယန်ဒီက ပြောပါတယ်။
Ref: Chinese Firms Recruiting Former, Active Philippine Military Personnel: Gov’t
#PeopleMedia