တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာရင် ထိုင်ဝမ်ရေလက်ကြားကို “ငရဲပြည်” ဖြစ်သွားအောင် လုပ်ပစ်မယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြော
PUBLISHED - June 12, 2024
နိုင်ငံတကာ၊ ဇွန် ၁၂
ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာခဲ့ရင် ထိုင်ဝမ်ရေလက်ကြားကို “ငရဲပြည်” ဖြစ်သွား အောင်တိုက်ခိုက်ပစ်လိုက်မယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံက ကျူးကျော်လာရင် ထိုင်ဝမ်ကျွန်းဟာ ကျူးကျော်တဲ့တပ်တွေကို တိုက်ခိုက်ဖို့ အရေအတွက် အ လွန်များပြားလှတဲ့ ဒရုန်းပေါင်းမြောက်မြားစွာကို တပ်ဖြန့်ချထားပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ စစ်ပွဲကို ဟန့်တားဖို့အတွက် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်တွေဟာ အဓိကအခန်း ကဏ္ဍက ပါဝင်လာမှာဖြစ်ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ကြီး ဆမ်မြူရယ်ပါပရိုက ရှန်ဂရီလာဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“လျှို့ဝှက်လက်နက်ပေါင်းမြောက်များစွာကို အသုံးပြုပြီး ထိုင်ဝမ်ရေလက်ကြားကို လူမရှိတော့တဲ့ ငရဲပြည်တစ်ခု အဖြစ် ဖန်တီးပစ်မှာပါ။” လို့ ပါပရိုက ပြောပါတယ်။
“အဲဒီနေရာမှာ တစ်လလောက် လုံးဝ ကမ္ဘာပျက်သလိုမျိုးခံစားရအောင် ကျွန်တော်လုပ်နိုင်ပါတယ်။” လို့ ရေတပ် ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
အဲဒီအစီအစဉ်ဟာ တရုတ်တပ်တွေ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလိုက်တာနဲ့ အမေရိကန်စစ်သင်္ဘော တွေ၊ ရေငုပ်သင်္ဘောတွေကနေ လေယာဉ်တွေအထိ အခြေပြုထားတဲ့ မောင်းသူမဲ့လေယာဉ်ထောင်ပေါင်းများစွာ ကို အသုံးပြုတိုက်ခိုက်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်လို့ မှန်းဆထားပါတယ်။
ဒီအစီအစဉ်အတွက် အမေရိကန်နိုင်ငံက ဆောင်ရွက်နေတဲ့ ဈေးနှုန်းသင့်တင့်ပြီး အားထားရလောက်တဲ့ Replicator ဒရုန်းအစီအစဉ်မှာ ပမာဏအများအပြား ရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့ဆိုပါတယ်။
ဒရုန်းအစင်းရေ ထောင်ပေါင်းများစွာထုတ်လုပ်မယ့် ရေရှည်စီမံချက်တစ်ရပ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြီးခဲ့တဲ့နှစ်က တရားဝင်ကြေညာခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ အခုနှစ်အတွင်း Replicator ဒရုန်းစီမံချက်အတွက် ဒေါ်လာ ၁ ဘီလျံ အသုံးပြု သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ကက်သလင်းဟစ်က မတ်လအတွင်းက ပြောပါတယ်။
Replicator ဒရုန်းစီမံချက်ဟာ တဖြည်းဖြည်းအင်အားကြီးမားလာတဲ့ တရုတ်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ကက်သလင်းဟစ်ကပြောပါတယ်။
Ref: US plans to launch the ‘unmanned Hellscape’ plan if China invades Taiwan: Senior admiral
#PeopleMedia