တရုတ်စစ်တပ် ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပိတ်ဆို့ပြီး စစ်ရေးလေ့ကျင့်
PUBLISHED - May 24, 2024
နိုင်ငံတကာ၊ မေ ၂၄
ထိုင်ဝမ်ရွေးကောက်ခံသမ္မတသစ်က ဒီမိုကရေစီကို ကာကွယ်မယ်လို့ ပြောကြားလိုက်ပြီးနောက် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) က စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ဝိုင်းပတ်ပိတ်ဆို့ ထားလိုက်ပါတယ်။
မကြာသေးခင်နှစ်များအတွင်း ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်ဆောင်ရွက်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ခြိမ်းခြောက်မှုကို မြှင့်တင်တဲ့အနေနဲ့ နှစ်ရက်ကြာစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဖြစ် ပါတယ်။
အခုနောက်ဆုံး စစ်အင်အားပြမှုဟာ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဝါဒတွေရဲ့ အပြုအမူတွေအ တွက် ပြင်းထန်တဲ့ အပြစ်ပေးမှုတစ်ခု” ဖြစ်ကြောင်း စစ်ရေးလေ့ကျင့်နေစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး လိုအပ်ရင် အင်အားသုံးတိုက်ခိုက်သိမ်း ပိုက်သွားဖို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ၁၉၄၉ ခုနှစ်ကတည်းကတည်ထောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီဦးဆောင် တဲ့ တရုတ်အစိုးရက ပြောပါတယ်။
ထိုင်ဝမ်ကျွန်းတစ်ဝိုက် လေယာဉ်တွေ၊ စစ်သင်္ဘောတွေပါဝင်တဲ့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်း သပ်ဖို့အတွက် ကြာသပတေးနဲ့ သောကြာနေ့ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်နေတာဖြစ်တယ် လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံကလည်း လွတ်လပ်မှုကို ကာကွယ်ဖို့လို့ ပြောဆိုပြီး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေကို ထိုင်ဝမ် ကျွန်းတစ်ဝိုက် တပ်ဖြန့်ချထားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့စစ်ရေးအပြုအမူတွေကို ထိုင်ဝမ်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြစ်တင်ရှုတ်ချလိုက်ပါ တယ်။ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တီးက အခုသီတင်းပတ်ထဲမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ ၎င်းပြောကြားခဲ့တဲ့ မိန့်ခွန်း ဟာ လွတ်လပ်ရေးရယူဖို့ ဝန်ခံချက်တစ်ခုဖြစ်တယ်လို့ တရုတ်ဘက်က ပြောဆိုရှုတ်ချလိုက်ပြီးနောက် အခုလို စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“လက်ရှိအချိန်ဟာ ဒီမိုကရေစီရဲ့ ကြီးကျယ်ခမ်းနားပြီး ဂုဏ်အသရေတင့်တယ်လှတဲ့ ခေတ်တစ်ခေတ်ဖြစ်ပါ တယ်။ စစ်ရေးအရခြိမ်းခြောက်မှုတွေ၊ စိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးစားတာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ တိုင်းပြည်ကိုကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ ခိုင်မာပြတ်သားတဲ့သံန္နိဋ္ဌာန်ကို ပြသရမှာဖြစ်ပါတယ်။” လို့ လိုင်က ၎င်းရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို ဆက်လက်မြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်းပြောဆိုခဲ့တဲ့ လိုင်ရဲ့မိန့်ခွန်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။
လိုင်ချင်တီးကို ထိုင်ဝမ်ကျွန်းအတွက် “စစ်ပွဲနဲ့ ကျရှုံးမှု” ကို ယူဆောင်လာမယ့် “အန္တရာယ်ရှိတဲ့ခွဲထွက်ရေးဝါဒီ” အဖြစ် တရုတ်နိုင်ငံက နဂိုကတည်းက သတ်မှတ်ထားတာဖြစ်ပါတယ်။
Ref: China’s Military Surrounds Taiwan as ‘Punishment’
#PeopleMedia