တရုတ်စစ်ရေးလေ့ကျင့်မှု ကြီးမားပြင်းထန်လွန်းတဲ့အတွက် စစ်ရေးလေ့ကျင့်မှုသဏ္ဍန်ပုံဖျက်ပြီး အငိုက်ဖမ်း တိုက်ခိုက်နိုင်သလားဆိုတာ ထောက်လှမ်းဖို့ ထိုင်ဝမ်နိုင်ငံအတွက် ခက်ခဲကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ပြော
PUBLISHED - September 20, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀
တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ အရေအတွက်များပြားပြီး ကြီးမားလှတဲ့အတွက် စစ်ရေးလေ့ကျင့်မှု ကနေ တကယ့်စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သလားဆိုတာ ခန့်မှန်းဖို့ ထိုင်ဝမ်နိုင်ငံအတွက် ပိုမိုခက်ခဲ လာကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်အနေနဲ့ “ရုတ်တရုတ်ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေအတွက်” ပြန်လည်တုံ့ပြန်ဖို့ လုံလောက် တဲ့အချိန်မရှိကြောင်း ကာကွယ်ရေးအစီအစဉ်တွေကို အဆင့်ဆင့်အထပ်ထပ် တည်ဆောက်ထားဖို့ အားတက် သရောထောက်ခံခဲ့သူတစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဝယ်လ်လင်တန်ခူးက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၈ ရက်) က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုကြီးမားလာတဲ့အတါက် ထိုင်ဝမ်အနေနဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ အမှန်တကယ်ဝင်ရောက်တိုက်ခိုက်နိုင်ခြေရှိတဲ့ စစ်ရေးလှုပ်ရှားမှု ဟုတ်မဟုတ် စုံစမ်း ထောက်လှမ်းဖို့ အခက်အခဲရှိကြောင်း ၎င်းက ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ကာလနဲ့ စစ်ဖြစ်နေတဲ့အချိန်ကို လျင်မြန်စွာ ခွဲခြားနိုင်ပြီး ရုတ်တရက် အငိုက် ဖမ်းတိုက်ခိုက်မှုတွေကို ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။
တရုတ်နိုင်ငံက ၎င်းတို့ဆောင်ရွက်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေထဲကနေ အမှန်တကယ်ကျူးကျော်တိုက်ခိုက်တဲ့ ထိုးစစ်ကြီးတစ်ခုအဖြစ် သဏ္ဍန်လုပ်ပြီး ပြန်လည်ခုခံတိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ထိုင်ဝမ်နိုင်ငံက ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နယ်မြေကျူးကျော် မှု ၂၀၇၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အကြီးမားဆုံး ကျူးကျော်မှုကတော့ ဇူလိုင်လ ၉ ရက်နေ့ မျာ စစ်လေယာဉ် ၆၆ စင်းနဲ့ ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေး ဖော်ထုတ်မှုဇုန်အတွင်းထဲကို ဝင်ရောက်လာ ခဲ့တာပဲဖြစ်ပါတယ်။
အခုလ အစောပိုင်းကလည်း တရုတ်နိုင်ငံဟာ ထိုင်ဝမ်နိုင်ငံနဲ့ မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းမှာ ကမ်းထိုးရေ ယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုကြီးတွေပြုလုပ်ခဲ့ရာ အဲဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကို ကျူးကျော်တိုက် ခိုက်ဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်နေတာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်နေတာဟာ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့အတွက် တရုတ်တပ်မတော်ရဲ့ စွမ်းရည်တွေကို စမ်းသပ်နေတာဖြစ်ကြောင်း စစ်ရေးမဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ပြောကြားခဲ့ဖူးပါတယ်။
ထိုင်ဝမ်တပ်မတော်အနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ လှုပ်ရှားမှုတွေကို စောင့် ကြည့်ဖို့၊ ဖြစ်ပေါ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို စုံစမ်းထောက်လှမ်းဖို့နဲ့ ဖြစ်လာနိုင်တဲ့အခြေအနေတွေပေါ်မူ တည်ပြီး ၎င်းတို့ စစ်ရေးလေ့ကျင့်မှုတွေကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကာကွယ်ရေးဝန် ကြီး ခူးက ပြောပါတယ်။
Ref: China’s Growing Military Activities Hinder Taiwan from Spotting Invasion: Minister
#PeopleMedia