• Follow Us on

Home တရုတ်စစ်ရေးလေ့ကျင့်မှုအပြီး ထိုင်ဝမ်သမ္မတက တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း ပြောဆို/ အမေရိကန်လွှတ်တော်အမတ်အုပ်စု ထိုင်ဝမ်ရောက်ရှိ

တရုတ်စစ်ရေးလေ့ကျင့်မှုအပြီး ထိုင်ဝမ်သမ္မတက တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း ပြောဆို/ အမေရိကန်လွှတ်တော်အမတ်အုပ်စု ထိုင်ဝမ်ရောက်ရှိ

Share this post

နိုင်ငံတကာ၊ မေ ၂၇

 

အမေရိကန်လွှတ်တော်အမတ်အုပ်စုတစ်စု ထိုင်ဝမ်နိုင်ငံကို ရောက်ရှိလာချိန်မှာ ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံ က နှစ်ရက်ကြာစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတလိုင်ချင်တီးက တရုတ်နိုင်ငံကို ချစ်ကြည် ရင်းနှီးမှုရှိကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း တနင်္ဂနွေနေ့ (မေလ ၂၆ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။

 

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တီးရဲ့မိန့်ခွန်းထဲမှာ ခွဲထွက်ဖို့ကိစ္စပါဝင်တာကြောင့် အပြစ်ပေးတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနဲ့ သောကြာနေ့မှာ ထိုင်ဝမ်ကျွန်းပတ်လည်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

 

ထိုင်ဝမ်ကို ၎င်းတို့ပိုင်ဆိုင်တဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံဟာ ထိုင်ဝမ် သမ္မတသစ်လိုင်ချင်တီးကို ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ် အကြိမ်ကြိမ်စွပ်စွဲဝေဖန်ခဲ့ပါတယ်။

 

ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုအောက်မှာ ရှိတယ်ဆိုတဲ့စကားကို လိုင်ချင်တီးက ပယ်ချခဲ့ပြီး ထိုင်ဝမ်နိုင်ငံရဲ့ ကံကြမ္မာကို ထိုင်ဝမ်ပြည်သူတွေကသာ ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

လိုင်ချင်တီးက တရုတ်နိုင်ငံနဲ့ ဆွေးနွေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းပေမဲ့လည်း တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။

 

ထိုင်ဝမ်ကျွန်းတောင်ပိုင်းက တိုင်နန်မြို့မှာ ၎င်းရဲ့အာဏာရ ဒီမိုကရက်တိုးတက်ရေးပါတီ (DPP) အစည်းအဝေး တစ်ခုမှာမိန့်ခွန်းပြောကြားစဉ် “ဒေသတွင်းတည်ငြိမ်ရေးအတွက် အင်မတန်ကြီးလေးတဲ့တာဝန်ကို ထိုင်ဝမ်နိုင်ငံ နဲ့အတူ မျှဝေထမ်းဆောင်ကြဖို့” တရုတ်နိုင်ငံကို လိုင်က တိုက်တွန်းလိုက်ပါတယ်။

 

“နှစ်နိုင်ငံအကျိုးစီးပွားကို ဖန်တီးပြီး ငြိမ်းချမ်းရေးနဲ့ ဘုံကြွယ်ဝချမ်းသာမှု နေရာတစ်ခုဆီ ရှေးရှုရင်း အပြန်အ လှန် တွေ့ဆုံဆွေးနွေးမှု/ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံနားလည်မှုနဲ့ ပြန်လည် သင့်မြတ်မှုကို တိုးမြှင့်တည်ဆောက်သွားဖို့ မျှော်လင့်စောင့်စားနေကြောင်းလည်း” ဇန်နဝါရီလ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ လိုင်က ပြောပါတယ်။

 

တရုတ်စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဖော်ပြပြောဆိုခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တ ခြားနိုင်ငံတွေကိုလည်း ကျေးဇူးတင်ကြောင်း လိုင်က ပြောပါတယ်။

 

“ထိုင်ဝမ်ရေလက်ကြားမှာ ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေတဲ့ မတည်ငြိမ်မှုတွေဖန်တီးတဲ့ ဘယ်နိုင်ငံကိုမှ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံမှာ မဟုတ်ပါဘူး။” လို့ လိုင်က ပြောပါတယ်။

 

အောက်လွှတ် တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ်မိုက်ကယ်လ်မက်ကောလ်ဦး ဆောင်တဲ့အဖွဲ့ဟာ လို်င်ချင်တီးအာဏာရတဲ့အချိန်ကစပြီး ပထမဦးဆုံး အမေရိကန်လွှတ်တော်အမတ်အုပ်စုရဲ့ လေးရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့ (မေလ ၂၆ ရက်နေ့) က ထိုင်ဝမ်နိုင်ငံကို ရောက်ရှိလာပါတယ်။

 

အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဖို့အတွက် ပါတီနှစ်ရပ်က လွှတ်တော်အမတ် ငါးဦးနဲ့အတူ လွှတ်တော်အမတ်မိုက်ကယ်လ်မက်ကောလ်ဟာ ထိုင်ဝမ်သမ္မတလိုင်နဲ့ တနင်္လာနေ့ (မေလ ၂၇ ရက်နေ့) မနက်ပိုင်းမှာ တွေ့ဆုံသွားမှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ပြောပါတယ်။

 

Ref: Taiwan president extends goodwill after China drills, US lawmakers arrive: Reuters

 

#PeopleMedia


Share this post