• Follow Us on
Latest News

Home တရုတ်ထုတ် ပဉ္စမမျိုးဆက် J-20 ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ UAE စူးစမ်းလေ့လာနေ

တရုတ်ထုတ် ပဉ္စမမျိုးဆက် J-20 ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ UAE စူးစမ်းလေ့လာနေ

Share this post

နိုင်ငံတကာ၊ မေ ၂၉

 

တရုတ်နိုင်ငံထုတ် J-20 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူဖို့အတွက် အာရပ်စော်ဘွားများ သမ္မတနိုင်ငံ (UAE) က စူးစမ်းလေ့လာနေကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

UAE နိုင်ငံရဲ့ထိပ်တန်းစစ်ဘက်အရာရှိတွေ ဘေဂျင်းကိုသွားရောက်လည်ပတ်ပြီး တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်နဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ပြီးနောက်မှာ အခုလို J-20 ဂျက်တိုက်လေယာဉ်တွေဝယ်ယူနိုင်ဖွယ် ရှိတယ်ဆိုတဲ့သတင်း တစ်စွန်းတစ်စ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အာရှတိုက်စစ်ရေးမဟာအင်အားကြီးနိုင်ငံနဲ့ အခုလို ဆက်ဆံရေးမြင့်တင်ဖို့ ကြိုးပမ်းတာဟာ ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့အတွက် အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်တယ်လို့ UAE အစိုးရက မျှော် လင့်နေကြောင်း National Interest မီဒီယာက ပြောပါတယ်။

 

နည်းပညာလျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားဖို့နဲ့ ပြိုင်ဘက်နို်င်ငံတွေက မိမိတို့လေယာဉ်တွေကို အနီးကပ် ဆန်းစစ်လေ့လာမှုကနေကာကွယ်နိုင်ဖို့အတွက် J-20 ဂျက်တိုက်လေယာဉ်တွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချခြင်းမပြုဖို့ တရုတ်နိုင်ငံက ပိတ်ပင်တားဆီးထားတာ ကြာပြီဖြစ်ပါတယ်။

 

တရုတ်အစိုးရက အဲဒီမူဝါဒကို ပြန်မပြင်ဘူးဆိုရင် UAE နိုင်ငံအနေနဲ့ J-20 ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူ နိုင်မှာ မဟုတ်ပါဘူး။

 

အမေရိကန်နိုင်ငံက ၎င်းတို့ရဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို အရှေ့အလယ်ပိုင်းနိုင်ငံ UAE ကို ရောင်းချဖို့ တွန့်ဆုတ်နေဆဲဖြစ်တာမို့ UAE အနေနဲ့ တခြားလမ်းကြောင်းတွေ ရှာဖွေတာဟာ သဘာဝကျတယ်လို့ဆိုပါ တယ်။

 

ဒေါ်လာ ၁၉ ဘီလျံတန်ကြေးရှိတဲ့ F-35 ဂျက်တိုက်လေယာဉ် အစင်း ၅၀ နဲ့ MQ-4B ဒရုန်း ၁၈ စင်းကို UAE နိုင်ငံကို ရောင်းချပေးမယ့် ကနဦးကန်ထရိုက်စာချုပ်ကို ၂၀၂၁ ခုနှစ်မှာ အမေရိကန်အစိုးရက ခွင့်ပြုခဲ့ပါတယ်။

 

ဒါပေမဲ့ 5G နည်းပညာနဲ့ပတ်သက်ပြီး UAE နဲ့ တရုတ်နိုင်ငံတို့ ဆက်ဆံရေး ပိုမိုနီးကပ်လာတာကို အမေရိကန် က စိုးရိမ်နေတဲ့အတွက် အဆိုပါသဘောတူညီမှုစာချုပ်ဟာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။

 

ဆက်သွယ်ရေးစခန်းတွေ၊ လေတပ်စခန်းတွေနဲ့ တခြားအမျိုးသားလုံခြုံရေးစခန်းတွေမှာ အသုံးပြုတဲ့ ဟွာဝေး ကုမ္ပဏီထုတ် 5G နည်းပညာကြောင့် တရုတ်အစိုးရဟာ F-35 Lightning II ဂျက်တိုက်လေယာဉ်ရဲ့ စွမ်းရည် တွေကို အနီးကပ်လေ့လာခွင့်ရရှိသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

 

ဒါ့အပြင် UAE သာ F-35 ဂျက်တိုက်လေယာဉ်တွေပိုင်ဆိုင်သွားမယ်ဆိုရင် ဒေသတွင်း အစ္စရေးနိုင်ငံရဲ့ စစ်အင် အားသာလွန်မှုကို စိန်ခေါ်လာမှာ စိုးရိမ်တဲ့အတွက် UAE ကို F-35 ဂျက်တိုက်လေယာဉ်တွေ မရောင်းဖို့ အစ္စရေး က တောင်းဆိုခဲ့တဲ့အတွက်လည်း အဲဒီအရောင်းအဝယ်စာချုပ် အကောင်အထည်မပေါ်လာတာဖြစ်ပါတယ်။

 

အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်နဲ့ တရုတ်ထုတ် J-20 ဂျက်တိုက်လေယာဉ်တို့ဟာ ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တွေဖြစ်တဲ့အတွက် လေ့လာသူတွေက နှိုင်းယှဉ်ပြောလေ့ရှိပါတယ်။

 

ဒါပေမဲ့ လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 ဂျက်တိုက်လေယာဉ်ဟာ တရုတ်ထုတ် J-20 ဂျက်တိုက်လေယာဉ် ထက် လေကြောင်းအီလက်ထရောနစ်နည်းပညာနဲ့ ဆင်ဆာ (အာရုံခံကိရိယာ) နည်းပညာတွေမှာ ပိုမိုသာလွန် တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် F-35 Lightning II ဂျက်တိုက်လေယာဉ်ဟာ ပြေးလမ်းအတိုမှာ ဒေါင်လိုက် အတက်အဆင်း ပြုလုပ် နိုင်တဲ့ ခေတ်မီဂျက်တိုက်လေယာဉ်ဖြစ်ပါတယ်။

 

ဒါပေမဲ့ “မဟာနဂါး” လို့ အမည်ပေးထားတဲ့ တရုတ်ထုတ် J-20 ဂျက်တိုက်လေယာဉ်ဟာ ပံျသန်းနိုင်တဲ့အကွာ အဝေး၊ လက်နက်စွမ်းရည်နဲ့ အမြန်နှုန်းမှာ အမေရိကန် F-35 ထက်သာလွန်တယ်လို့ဆိုပါတယ်။

 

အမေရိကန် F-35 ဟာ အသံထက် ၁.၆ ဆ မြန်တဲ့နှုန်းနဲ့ ပျံသန်းပေမဲ့ တရုတ်ထုတ် J-20 ဟာ အသံထက် ၂.၀ ဆ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ကြောင်း သိရပါတယ်။

 

“J-20 ဟာ F-35 ထက် လက်နက်တွေ ပိုမိုသယ်ဆောင်နိုင်ပါတယ်။ အလေးချိန်အားဖြင့် ကြည့်မယ်ဆိုရင် F-35 က ပေါင်ချိန် ၁၈,၀၀၀ (၈,၁၆၄ ကီလိုဂရမ်) သယ်ဆောင်ပေမဲ့ J-20 က ၂၇,၉၉၈ ပေါင် (၁၂,၇၀၀ ကီလိုဂရမ်) သယ်ဆောင်နိုင်ပါတယ်။” လို့ စစ်ရေးလေ့လာသူ ကရစ်အော့စ်ဘွန်းက ပြောပါတယ်။

 

Ref: UAE Exploring Potential Chinese J-20 Stealth Fighter Purchase: Report

 

#PeopleMedia


Share this post