တရုတ်နိုင်ငံက စတုတ္ထမြောက်လေယာဉ်တင်သင်္ဘောတည်ဆောက်နေ
PUBLISHED - March 8, 2024
နိုင်ငံတကာ၊ မတ် ၈
အနောက်ပစိဖိတ်ဒေသမှာ အမေရိကန်ရေတပ်ကို ယှဉ်ပြိုင်ဖို့အတွက် စတုတ္ထမြောက်လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေပြီဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ရဲ့ ရေတပ်ဗိုလ်ချုပ် ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
လေယာဉ်တင်သင်္ဘောဆောက်လုပ်ရေး ဆက်လက်ဆောင်ရွက်နေပြီး နည်းပညာပိုင်းဆိုင်ရာအခက်အခဲ ဘာမှ မကြားရကြောင်း ဘေဂျင်းမြို့မှာကျင်းပတဲ့နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးမှာ PLA ရေတပ်ဗိုလ်ချုပ်ကြီး ယူဝန်ဝှာဇီက ပြောပါတယ်။
အခုအသစ်တည်ဆောက်နေတဲ့ လေယာဉ်တင်သင်္ဘောဟာ ခေတ်အမီဆုံး အမေရိကန်သင်္ဘောတချို့လို နျူက လီးယားစွမ်းအင်သုံးသင်္ဘောဖြစ်တာကို တရုတ်ပြည်သူတွေအနေနဲ့ မကြာခင် မျက်ဝါးထင်ထင်တွေ့မြင်ရတော့ မှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဒီကနေ့အချိန်အထိ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့သာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတွေကို အသုံးပြုနိုင်တာဖြစ်ပြီး အဲဒီလို နျူစွမ်းအင်အသုံးပြုထားတဲ့အတွက် လောင်စာပြန်လည်ဖြည့် တင်းစရာမလိုဘဲ ကာလရှည် စစ်ဆင်ရေးဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နမိတ်ပိုင်နက်ကို ကာကွယ်ဖို့အတွက် လေယာဉ်တင်သင်္ဘောတွေ ကို ကျွန်တော်တို့ တည်ဆောက်နေတာပါ။” လို့ ဗိုလ်ချုပ်ကြီးယူဝန်ဝှာဇီ ပြောစကားကို South China Morning Post မှာ ဖော်ပြထားပါတယ်။
အခုလို မကြေညာခင်ကတည်းက ကျောင်းနန်သင်္ဘောကျင်းမှာ စတုတ္ထမြောက်လေယာဉ်တင်သင်္ဘော တည် ဆောက်နေတဲ့ပုံတွေကို ရှန်ဟိုင်းအွန်လိုင်းဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ တတိယမြောက်လေယာဉ်တင်သင်္ဘော ဖူကျန်ကို ရေချလိုက်ပြီးနောက် နှစ်နှစ်နီးပါးအကြာမှာ အခုလို ရေတပ်ဗိုလ်ချုပ်ကြီး ယူဝန်ဝှာဇီရဲ့ ပြောဆိုချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံရဲ့ ခေတ်အမီဆုံးလေယာဉ်တင်သင်္ဘောလို့ ကြေညာထားပေမဲ့ အဲဒီသင်္ဘောဆောက်လုပ်စဉ်က တရုတ် နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်တဲ့နည်းပညာ လုံလုံလောက်လောက်မရှိသေးတဲအတွက် ဖူကျန်လေယာဉ်တင်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံးမဟုတ်ပါဘူး။
ဒါပေမဲ့ ဖူကျန်လေယာဉ်တင်သင်္ဘောမှာ အီလက်ထရိုမဂ္ဂနစ်တိုက်လောက်လွှဲစနစ်နဲ့ လေယာဉ်အကြီးစားတွေ ကို ဖမ်းယူ/တွန်းပို့နိုင်တဲ့ ပစ္စည်းကိရိယာတွေလို ခေတ်မီစနစ်တွေပါဝင်ပါတယ်။
ဖူကျန်လေယာဉ်တင်သင်္ဘောဟာ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှု မလုပ်ရသေးဘူးလို့ဆိုပါတယ်။
တရုတ်နိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်း သမုဒ္ဒရာတွေဖြတ်ကျော်ပြီး စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းရှိတဲ့ blue water navy ခေါ် မဟာအင်အားကြီးရေတပ် တည်ဆောက်နိုင်ရေးရည်မှန်းချက်နဲ့အညီ ၎င်းတို့ရေတပ်ကို တိုးချဲ့တည်ဆောက်နေတာဖြစ်ပါတယ်။
Blue water navy ခေါ် မဟာအင်အားကြီးရေတပ်ဖြစ်ဖို့အတွက် နိုင်ငံတစ်နိုင်ငံမှာ အနည်းဆုံး လေယာဉ်တင် သင်္ဘော တစ်စီးအထက်မှာရှိရမယ်လို့ဆိုပါတယ်။
တရုတ်ရေတပ်အင်အားကို တိုးချဲ့နေပေမဲ့လည်း PLA ရေတပ်ကို လက်ရှိအချိန်မှာ မိမိနိုင်ငံကမ်းရိုးတန်းနဲ့ အနီး ဝန်းကျင်ကိုသာ ကာကွယ်နိုင်စွမ်းရှိတဲ့ “green-water navy” အင်အားကြီးရေတပ်တစ်ခုအဖြစ်သာ သတ်မှတ် ထားပါသေးတယ်။
Ref: China Says Building Fourth Aircraft Carrier
#PeopleMedia