• Follow Us on

Home တရုတ်နိုင်ငံက တတိယမြောက် အဆင့်မြင့်လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်တွင် စမ်းသပ်မောင်းနှင်

တရုတ်နိုင်ငံက တတိယမြောက် အဆင့်မြင့်လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်တွင် စမ်းသပ်မောင်းနှင်

Share this post

နိုင်ငံတကာ၊ မေ ၂

 

တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ တတိယမြောက်နဲ့ ခေတ်အမီဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ ဖူဂျီယန်လေယာဉ်တင် သင်္ဘောကို ပထမဦးဆုံးအကြိမ် ပင်လယ်ပြင်မှာ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။

 

၂၀၂၂ ခုနှစ် ဇွန်လအတွင်း ဖူဂျီယန်လေယာဉ်တင်သင်္ဘောကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာမှာ တရုတ်ရေတပ်က အခုလို စတင်စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

 

ပြည်တွင်းမှာပဲ အလုံးစုံ ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တဲ့ ဖူဂျီယန်လေယာဉ်တင်သင်္ဘောဟာ ၂၀၁၉ ခုနှစ်မှာ တပ် တော်ဝင်ခဲ့တဲ့ ရှန်ဒေါင်းလေယာဉ်တင်သင်္ဘောနဲ့ ၁၉၉၈ ခုနှစ်မှာ ယူကရိန်းက ဝယ်ယူခဲ့တဲ့ တစ်ပတ်နွမ်း လေ ယာဉ်တင်သင်္ဘော လီယောင်းနင်တို့ထက် အရွယ်အစား ပိုမိုကြီးမားပါတယ်။

 

ဖူဂျီယန်လေယာဉ်တင်သင်္ဘောကို တည်ဆောက်ခဲ့တာဟာ တရုတ်ကမ်းရိုးတန်းကိုကျော်လွန်ပြီး သမုဒ္ဒရာတွေ ထဲအထိ ထိုုးဖောက်စစ်ဆင်နိုင်မယ့် ပင်လယ်ပြာရေတပ်တည်ဆောက်ရေးအတွက် ဒေသတွင်း စစ်အင်အားမြှင့် တင်ဖို့ သမ္မတရှီကျင့်ဖျင်ရဲ့ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

ကျယ်ပြောပြန့်ကားတဲ့ မျဉ်းဖြောင့်လေယာဉ်ပြေးလမ်းနဲ့အတူ ဂျက်တိုက်လေယာဉ်တွေအတွက် အဆင့်မြှင့် လောက်လွှဲစနစ်ပါဝင်တဲ့ ဖူဂျီယန်လေယာဉ်တင်သင်္ဘောဟာ ထိုင်ဝမ်ကျွန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ် ပြည်မကြီးက ပြည်နယ်ရဲ့ နာမည်ကို ပေးထားတာဖြစ်ပါတယ်။

 

ရှန်ဟိုင်းမြို့က ဂျီယန်နန်သင်္ဘောကျင်းမှာ ဆိုက်ကပ်ထားတဲ့ ဖူဂျီယန်လေယာဉ်တင်သင်္ဘောဟာ ဗုဒ္ဓဟူးနေ့ (မေလ ၁ ရက်နေ့) မနက် ၈ နာရီအချိန်က ပင်လယ်ပြင်ကို ထွက်ခွာသွားတာဖြစ်ကြောင်း CCTV မှတ်တမ်းတွေ အရ သိရပါတယ်။

 

တရုတ်ရေတပ်မှာ လေယာဉ်တင်သင်္ဘော တာဝန်မထမ်းဆောင်ခင် အခုလို ပင်လယ်ပြင်စမ်းသပ်ခုတ်မောင်းမှု ကို ဆောင်ရွက်တာဟာ နောက်ဆုံးအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရှန်ဒေါင်းလေယာဉ်တင်သင်္ဘောဟာ တရုတ်ရေတပ်မှာ တပ်တော်မဝင်ခင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

 

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်နိုင်ငံက အခုလို ဖူဂျီယန်လေယာဉ် တင်သင်္ဘော စမ်းသပ်မောင်းနှင်မှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ စကားဘိုရပ်သဲသောင်တန်းမှာ ဖိလစ်ပိုင်သင်္ဘောနှစ်စင်းကို ရေပိုက်နဲ့ ထိုးပြီး နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက မေလ ၁ ရက်နေ့က ပြောပါတယ်။

 

Ref: China launches sea trials for next-generation aircraft carrier

 

#PeopleMedia


Share this post