တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ ထိုင်ဝမ်စစ်သား ၁၀ ဦး စွဲချက်တင်ခံရ
PUBLISHED - November 28, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈
တရုတ်တပ်မတော်ထံလက်နက်ချဖို့ ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို စီစဉ်ထုတ်လုပ်ထားသူ နှစ်ဦးအပါအဝင် ထိုင်ဝမ်တပ်မတော်က တာဝန်ထမ်းဆောင်ဆဲအရာရှိတွေရော အငြိမ်းစားအရာရှိတွေပါ ပါဝင်တဲ့ ၁၀ ဦးကို တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း သတ်မှတ်ထားပြီး မကြာသေးခင်ကာလက ထိုင်ဝမ် ကျွန်းကို နိုင်ငံရေး/ စစ်ရေးအရ ဖိအားပေးမှုတွေ မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ဟာ ပြည်တွင်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်မှာ နှစ်ပိုင်းကွဲခဲ့ကြတာဖြစ်ဖြစ်ပြီး အဲဒီအ ချိန်ကတည်းကစပြီး တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်ထောက်လှမ်းနေခဲ့ကြတာဖြစ်ပါတယ်။
စွပ်စွဲခံရသူတွေထဲက ၃ ဦးဟာ တရုတ်နိုင်ငံအတွက် ကွန်ရက်တစ်ခုတည်ထောင်နိုင်ရေး သတင်းအချက်အ လက်တွေ စုဆောင်းပေးဖို့အတွက် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ထိုင်ဝမ်တပ်မတော်သားတွေကို စည်းရုံးစု ဆောင်းနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာဖြစ်ကြောင်း ထိုင်ဝမ်အဆင့်မြင့်အစိုးရရှေ့နေများရုံးရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။
စွပ်စွဲခံအမည်စာရင်းထဲမှာပါတဲ့ အရာရှိ ၄ ဦးကတော့ စစ်ရေးလျှို့ဝှက်သတင်းတွေကို တရုတ်နိုင်ငံကိုရောင်းစား ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုခံထားရတာဖြစ်ပေမဲ့ အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။
လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိ ၂ ဦးကတော့ တရုတ်နိုင်ငံအတွက် စိတ်ဓာတ်စစ်ဆင်ရေးဗီဒီယိုဖိုင် တစ်ခုရိုက်ကူးခဲ့တဲ့အတွက် တရားစွဲဆိုခံရတာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ထဲမှာ “ကျွန်တော်ကတော့ ပြည်သူ့လွတ် မြောက်ရေးတပ်မတော်ထံ လက်နက်ချဖို့ လိုလိုလားလား ဆန္ဒရှိတဲ့သူဖြစ်ပါတယ်။” လို့ ပြောဆိုထားကြောင်း သိရပါတယ်။
“တာဝန်ထမ်းဆောင်ဆဲတပ်မတော်သားတွေက တရုတ်ကွန်မြူနစ်ပါတီကို သစ္စာစောင့်သိဖို့ ကတိပြုတယ်ဆို တာဟာ အလွန်အမင်းဆိုးရွားလှတဲ့ အပြုအမူပဲဖြစ်ပါတယ်။” လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
နောက်ဆုံးကျန်တဲ့ ၁ ဦးကတော့ ၎င်းရဲ့လုပ်ငန်းခွင်ထဲမှာရှိတဲ့ အာမခံသေတ္တာထဲက စစ်ရေးဆိုင်ရာလျှို့ဝှက် သ တင်းအချက်အလက်တွေကို ခိုးယူမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
“တရားခံအားလုံးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဒါမှမဟုတ် တာဝန်ထမ်းဆောင်နေဆဲပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ နိုင်ငံရဲ့လုံခြုံရေးထိခိုက်ပျက်စီးအောင် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူထုကို သစ္စာဖောက်ခဲ့ကြသူတွေဖြစ်ပါတယ်။” လို့ ရှေ့နေတွေက ပြောပါတယ်။
“သူတို့ကို စံပြအနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ဖို့ ရုံးတော်ကို ကျွန်တော်တို့ တင်ပြထားပါတယ်။” လို့ အစိုးရရှေ့နေအဖွဲ့က ပြောပါတယ်။
တနင်္လာနေ့က စွဲချက်တင်မှုဟာ ထိုင်ဝမ်ကျွန်းနိုင်ငံလေးပေါ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ သူလျှိုမှုတွေထဲက နောက်ဆုံးအမှုဖြစ်ပါတယ်။
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးပြီး လျှို့ဝှက်သတင်းတွေ လွှဲပြောင်းပေးပို့ခဲ့တဲ့အတွက် အငြိမ်းစားထိုင်ဝမ် လေတပ်ဗိုလ်မှူးကြီးတစ်ဦးကို ပြီးခဲ့တဲ့လက ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အလားတူ ထိုင်ဝမ်နိုင်ငံရဲ့ “ဟန်ကောင်း” စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စု ဆောင်းပြီး တရုတ်နိုင်ငံကိုပေးပို့ရာမှာ ကူညီခဲ့တဲ့ ထိုင်ဝမ်စစ်သည်နှစ်ဦးကို စည်းရုံးစုဆောင်းခဲ့တဲ့ သားအဖနှစ် ဦးကိုလည်း သြဂုတ်လက တရားစွဲဆိုခဲ့ပါတယ်။
Ref: 10 Taiwanese Soldiers Charged With Spying for China
#PeopleMedia