တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ကြောင်း တရုတ်ပြော
PUBLISHED - November 7, 2024
နေပြည်တော်၊ နိုဝင်ဘာ ၇
မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang က ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံခဲ့စဉ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမိုတိုးတက်လာစေရေး ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ စီးပွါးရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုတ်မြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း H.E. Mr. Li Qiang က ဆက်လက်ပြောကြားသည်။
ယင်းနောက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံကောင်းအဖြစ် ထာဝရ ရပ်တည်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများကို အကြမ်းဖက်သည့် နည်းဖြင့် ပြန်လည် မဖြေရှင်းဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူး မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။
၎င်းနောက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်လည်း ဆန္ဒပြု ကူညီမည်ဖြစ်ကြောင်း H.E. Mr. Li Qiang က ထပ်မံပြောကြားခဲ့သည်။
နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အရေးပင် ဖြစ်သဖြင့် နိုင်ငံတကာ စာမျက်နှာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
#PeopleMedia