• Follow Us on

Home တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ် ထိုင်ဝမ်နိုင်ငံက စတင်းဂါးဒုံးကျည် နောက်ထပ် အစင်း ၂၀၀၀ နီးပါး ထပ်မံဝယ်ယူမည်

တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ် ထိုင်ဝမ်နိုင်ငံက စတင်းဂါးဒုံးကျည် နောက်ထပ် အစင်း ၂၀၀၀ နီးပါး ထပ်မံဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း ထိုင်ဝမ်နိုင်ငံက အမေရိကန်ထံက စတင်းဂါးဒုံကျည် ၁၉၈၅ စင်း ထပ်မံဝယ်ယူသွားဖို့ စီစဉ်နေကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား လိုက်ပါတယ်။

 

ထိုင်ဝမ်နိုင်ငံမှာ လက်ရှိ စတင်းဂါးဒုံးကျည် ၅၀၀ ဝယ်ယူထားရာကနေ ငါးဆတိုးမြှင့်ပြီး ၂၄၈၅ စင်းအထိ တိုးမြှင့် သွားဖို့ စီစဉ်နေကြောင်း နောက်ဆုံးဘတ်ဂျက်အစီရင်ခံစာထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်အမတ် တွေကို တင်ပြထားပါတယ်။

 

ဒါ့အပြင် ဒုံးကျည်ပစ်လွှတ်တဲ့စနစ် ၅၄၉ ခုကို ဝယ်ယူသွားမှာဖြစ်သလို မိမိတပ်/ရန်သူတပ် ခွဲခြားဖော်ထုတ်တဲ့ စက် (IFF transponder) ၅၄၉ ခု ကိုလည်း ဝယ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်ဒေါ်လာ ၆၉ ဘီလျံ (ဒေါ်လာ ၂.၂ ဘီလျံ) တင်ပြတောင်းခံထားပြီး ဒီပမာဏာဟာ မူလကတင်ပြတောင်းခံထားတဲ့ ဘတ်ဂျက် ပမာဏထက် ထိုင်ဝမ်ဒေါ်လာ ၁၃ ဘီလျံ (ဒေါ်လာ ၄၀၅ သန်း) ပိုမိုတိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်အစိုးရဟာ နိုင်ငံရဲ့ ကြည်းတပ်နဲ့ ရေတပ်အတွက် နဂိုက စတင်းဂါးဒုံးကျည် ၅၄၅ စင်း၊ ဒုံးကျည်ပစ်လွှတ် စနစ် ၁၉၃ ခုနဲ့ IFF transponder ၁၉၃ ခုကို ဝယ်ယူသွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့ ပြန်လည်ပြင်ဆင်မှုကို အမေရိကန်အစိုးရက ခွင့်ပြုပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေမြင့်တက်လာတဲ့အတွက် နိုင်ငံရဲ့ စတင်းဂါးဒုံးကျည်လက်နက်တိုက်ကို ထပ်မံဖြည့်တင်းဖို့ ထိုင်ဝမ်အစိုးရက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦး က ပြောပါတယ်။

 

ထိုင်ဝမ်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုံအတွင်း တရုတ်နိုင်ငံက ရန်လိုကျူးကျော်ဝင်ရောက်လာတဲ့အတွက် အခုလို နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြှင့်တင်ဖို့ လိုအပ်တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကို ၎င်းတို့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာရှုမြင်ထားသလို တစ်နေ့နေ့ ပြန် လည်ပေါင်းစည်းရမှာဖြစ်ပြီး ပေါင်းစည်းရေးအတွက် လိုအပ်လာရင် အင်အားသုံးတိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

ဒေါ်လာ ၂၂၄ သန်းတန်ကြေးရှိ Block I FIM-92 Stinger ဒုံးကျည် အစင်း ၂၅၀ ရောင်းချ ပေးဖို့ ထိုင်ဝမ်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အမေရိကန်အစိုးရက ခွင့်ပြုခဲ့ကြောင်း ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောပါတယ်။

 

ဒါ့အပြင် စစ်ရေးအကူအညီ ဒေါ်လာသန်း ၅၀၀ ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၃ ခုနှစ်မှာလည်း ထိုင်ဝမ်ကို စတင်းဂါးဒုံးကျည်တွေ ပို့ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

 

စတင်းဂါးပခုံးထမ်းဒုံးကျည်ဟာ အနိမ့်ပျံရန်သူ့လေယာဉ်တွေအတွက် တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး လက်နက်အမျိုးအစားဖြစ်ပါတယ်။

 

စတင်းဂါးဒုံးကျည်တွေကို တပ်ဖွဲ့ဝင်တစ်ဦးတည်းက ပစ်ခတ်နိုင်ပေမဲ့လည်း အသုံးပြုတဲ့စစ်တပ်တွေက ပစ်မှတ် ရှာဖွေဖော်ထုတ်တဲ့နေရာမှာ ပိုမိုတိကျဖို့အတွက် နောက်ထပ် တပ်ဖွဲ့ဝင်အကူတစ်ဦးနဲ့ တွဲဖက်အသုံးပြုလေ့ရှိ ပါတယ်။

 

စတင်းဂါးဒုံးကျည်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲအပါအဝင် အဓိကစစ်ပွဲကြီး လေးခုမှာ ပွဲတွေ့စွမ်းရည်ပြသခဲ့ပြီးဖြစ်ကြောင်း လက်နက်ထုတ်လုပ်တဲ့ ရေသီယွန် ကုမ္ပဏီက ပြောပါတယ်။

 

Ref: Taiwan to Buy Nearly 2,000 More Stinger Missiles as China Row Escalates

 

#PeopleMedia


Share this post