တရုတ်ဘက်က တရုတ်-မြန်မာဆက်ဆံရေးကို အလွန်အလေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပြောကြား
PUBLISHED - August 16, 2024
နေပြည်တော်၊ သြဂုတ် ၁၆
တရုတ်ဘက်က တရုတ်-မြန်မာဆက်ဆံရေးကို အလွန်အလေးထားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး အသစ် Ms. Ma Jia က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ သံအမတ်ခန့်အပ်လွှာမိတ္တူပေးအပ်ခဲ့စဉ် ပြောကြားခဲ့ခြင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။
သံအမတ်ကြီး Ms. Ma Jiaက သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ခေတ်သစ်ကို စတင်ဖွင့် လှစ်လိုက်ကြောင်း၊ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး စသည့်ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အဆက်မပြတ်နက်ရှိုင်းလာကြောင်း၊ တရုတ်ဘက်က တရုတ်-မြန်မာဆက်ဆံရေးကို အလွန်အလေးထားပါကြောင်း၊ မိမိသည်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန် အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရေးကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားကာ တရုတ်-မြန်မာ အစဉ်အလာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကိုတိုးမြှင့်ပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာလာအောင် မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက သံအမတ်ကြီး Ms. Ma Jia လက်ရှိတွင် မြန်မာ-တရုတ် ဆက်ဆံရေးသည် အပြုသဘောဆောင်သော အရှိန်အဟုန်ကိုထိန်းသိမ်းထားပြီး “ဆွေမျိုးပေါက်ဖော်” ချစ်ကြည် ရေးသည် အဆက်မပြတ်နက်ရှိုင်းလာနေကြောင်း၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်လာကာ ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများတွင် အပြန်အလှန်ထောက်ခံလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီးနှင့် သံရုံးလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ကူညီပံ့ပိုးပေးသွားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
#PeopleMedia