တရုတ်ယွမ်၏အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် ကုန်သွယ်မှု ဆိုင်ရာပေးချေမှုငွေကြေးအဖြစ် တတိယနေရာသို့ရောက်ရှိခဲ့ဟု ဗဟိုဘဏ်ပြောကြား
PUBLISHED - September 19, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၉
တရုတ်ယွမ်၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပေးချေမှုများအတွက် ကုန် သွယ်မှုဆိုင်ရာပေးချေမှုငွေကြေးအဖြစ် တတိယနေရာသို့ ရောက်ရှိလာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ယမန်နေ့တွင် ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌခေါင်းဆောင်သည့် အဖွဲ့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက တရုတ်-အာဆီယံ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့်မိတ်ဖက် အဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ယခုဖိုရမ်အတွင်း ဒေသတွင်းစီးပွားရေးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative) အရ ငွေရေးကြေးရေးဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့်အချက်များကို အတည်ပြုဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ သည့် (၁၀) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ငွေရေးကြေးရေးတည်ငြိမ်ရေးအား ထိန်းသိမ်းနိုင်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ပေါင်းစည်းမှုများအားပိုမိုနက်ရှိုင်းစွာ မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အား ဆောင်ရွက်ရန်ကတိကဝတ်ပြုခဲ့ကြ သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း၊ ပြောသည်။
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမှုနှင့်ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ၌ နှစ်ပေါင်းများစွာ အားကောင်းခိုင်မာမှုများ ရှိခဲ့ပါကြောင်း၊ ယနေ့အချိန်အခါတွင် တစ်ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့်ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုအခက် အခဲများဖြစ်သည့် ငွေရေးကြေးရေးအခြေအနေဆိုင်ရာ မတည်ငြိမ်မှုများ၊ ဈေးကွက်မတည်မငြိမ်ဖြစ်မှုများ ကြောင့် ထွန်းသစ်စနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိတို့၏ငွေကြေးစနစ်များ တည်ငြိမ်စေရေးနှင့် အမေရိကန်ဒေါ်လာ အပေါ် မှီခိုအားထားရမှု လျှော့ချနိုင်ရေးကြိုးပမ်းအားထုတ်နေကြပြီး ဒေသတွင်းဆန်း သစ်တီထွင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန်လိုအပ်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက တရုတ်ယွမ်၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပေးချေမှုများအတွက် ကုန်သွယ်မှုဆိုင်ရာပေးချေမှုငွေကြေးအဖြစ် တတိယနေရာသို့ ရောက်ရှိလာခဲ့ပါကြောင်း၊ နှစ်နိုင်ငံအကြား မိတ်ဖက် ဆက်ဆံရေး၌ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများချဲ့ထွင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာနိုင်မှု စသည်တို့အပေါ် အထောက်အကူ ဖြစ်စေကြောင်း၊ မိမိတို့အနေဖြင့် ငွေရေးကြေးရေးတည်ငြိမ်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရန်အလို့ငှာ နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းပေးချေမှုများ၌ ငွေရေးကြေးရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုအားကောင်းခိုင်မာစွာ ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖိုရမ်သို့ ကွမ်ရှီးပြည်နယ် အစိုးရအကြီးအကဲ မစ္စတာလျူနင်း ခေါင်းဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယအကြီးအကဲ၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ICBC ၊ BOC ၊ ABC ၊ CCB ၊ CDB ၊ ADB ၊ EXIM Bank of China ဘဏ်များမှ အကြီးအကဲများ၊ China Insurance Corporation မှ အကြီးအကဲများ၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့်ရှန်ဇင်း Stock Exchange မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#PeopleMedia