• Follow Us on

Home တရုတ်သည် မြန်မာအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ ပြောကြား

တရုတ်သည် မြန်မာအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ယမန်နေ့က နေပြည်တော်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တွေ့ဆုံစဉ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)က ပြောသည်။

 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)က Mr. Wang Yi မှတစ်ဆင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ထံ နွေးထွေးစွာ နှုတ်ခွန်းဆက်ကြောင်း သတင်းစကားပါးခဲ့ပြီး တရုတ်နိုင်ငံ၏ ကမ္ဘာကျော် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများ ရရှိခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း၊ တရုတ်နိုင်ငံက ကာလကြာရှည်စွာ ကဏ္ဍပေါင်းစုံတွင် မြန်မာနိုင်ငံအပေါ် ကိုယ်ကျိုးမကြည့်ဘဲ ပံ့ပိုးမှုနှင့် ကူညီမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုး ပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြကြောင်း၊ ဤအချက်သည် မည်သည့် အခါတွင်မျှ ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက တန်ဖိုးရှိသော ထောက်ခံအားပေးမှုများ ဆက်လက်ထောက်ပံ့သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

Mr. Wang Yiက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ရေရှည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်သည် နိုင်ငံတကာအပြောင်းအလဲများ၏ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရပြီး ပိုမိုခိုင်မာလာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၏ အရေးကြီးသည့်နေရာတွင် အစဉ်အမြဲထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့ကျကျအကျိုးရလဒ်များ ပိုမိုရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ပြောသည်။

 

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေ တည်တံ့မှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ကြိုးပမ်းဖော်ဆောင်ကာ အထွေထွေ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင်ပြေချောမွေ့စွာကျင်းပပြီး ဒီမိုကရေစီအသွင်ကူး ပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် အမြဲတစေထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်စိမ့်ဝင်မှုကို တရုတ်နိုင်ငံက အခိုင်အမာဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ဖျက်ဆီးသည့် မည်သည့်ပြောဆိုပြုမူမှုကိုမဆို ခိုင်မာစွာဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူပူအမျှ၊ အပြန်အလှန်ဖေးမကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားကာ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mr. Wang Yi က ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post