• Follow Us on

Home တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ထိုင်းအမျိုးသမီး ၃ ဦး ပြန်လည်လွတ်မြောက်

တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ထိုင်းအမျိုးသမီး ၃ ဦး ပြန်လည်လွတ်မြောက်

Share this post

နိုင်ငံတကာ၊ ဧပြီ ၆

 

ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်လူမျိုးတစ်ဦး ဦးစီးလုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ တစ်ရက်ကို ဖုန်းခေါ် ဆိုမှု အကြိမ် ၅၀၀ ထက်မနည်း ဆောင်ရွက်ပေးရပြီး ပျက်ကွက်ခဲ့ပါက အရိုက်ခံရနိုင်သလို ပြည့်တန်ဆာအဖြစ် သွားရောက်လုပ်ကိုင်ပေးရကြောင်း ထိုင်းအမျိုးသမီး ၃ ဦးက ဖွင့်ဟပြောကြားလိုက်ပါတယ်။

 

လူကုန်ကူးခံထားရတဲ့ အသက် ၁၄-၂၅ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ညီအစ်မဝမ်းကွဲ ၃ ဦးကို မတ်လ ၂၉ ရက် နေ့မှာ ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ ကမ္ဘောဒီးယားအာဏာပိုင်တွေကို အရှေ့မြောက်ဒေ သ လူမှုဖွံ့ဖြိုးမှုနဲ့ လူသားလုံခြုံရေးစေတနာ့ဝန်ထမ်းအဖွဲ့ (SDHSV) ရဲ့ ဥက္ကဋ္ဌခမ်ဖောင်းတီးရတ်က သောကြာနေ့ (ဧပြီ ၅ ရက်နေ့) က ချီးကျူးလိုက်ပါတယ်။

 

လူကုန်ကူးမှုဓားစာခံ အမျိုးသမီး ၃ ဦးရဲ့ အကူအညီတောင်းခံမှုကြောင့် ၎င်းတို့ရဲ့ ဆွေမျိုးများက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးနောက် ကောင်စစ်ဝန်ရေးရာဦးစီးဌာနနဲ့ လူသားလုံခြုံရေးအရေးပေါ် စီမံခန့်ခွဲမှုစင်တာတို့ပူးပေါင်း ပြီး အခုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသမီး ၃ ဦးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နခွန်ရတ်ချာဆီမာပြည်နယ် ခုန်ဘူရီခရိုင်မှာရှိတဲ့ ၎င်းတို့ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

၎င်းတို့အနေနဲ့ အွန်လိုင်းလောင်းကစားဝက်ဆိုက်ကတစ်ဆင့် အလုပ်အကိုင်ခေါ်ယူတဲ့ ကြော်ငြာကို တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီအလုပ်က တစ်လကို လစာဘတ် ၂၅၀၀၀ ကမ်းလှမ်းထားပြီး Line application ကတစ်ဆင့် အဖွဲ့ဝင် တွေကို ဆက်သွယ်ရကြောင်း အဆိုပါအမျိုးသမီး ၃ ဦးက SDHSV ကို ပြောပါတယ်။

 

၎င်းတို့ ၃ ဦးဟာ ပွဲစားကတစ်ဆင့် အလုပ်ရှင်ကို ဆက်သွယ်ပြီး ဆာကီယိုပြည်နယ်ကို ထွက်ခွာလာခဲ့ကြောင်း၊ အဲဒီကမှတစ်ဆင့် ၎င်းတို့ကို နယ်စပ်လမ်းကြောင်းကနေ အမျိုးသားတစ်ဦးက ဦးဆောင်ပြီး ခေါ်သွားခဲ့ကြောင်း ပြောပါတယ်။

 

လုပ်ငန်းခွင်ကိုရောက်တာနဲ့ ၎င်းတို့ကို ကွန်ပျူတာအမြန်ရိုက်ခိုင်းပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးက စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။

 

၎င်းတို့အနေနဲ့ ခိုင်းတဲ့အတိုင်း အမြန်မရိုက်နိုင်ကြောင်း၊ အဲဒီနောက် ၎င်းတို့ ၃ ဦးကို ထိုင်းလူမျိုး ၁၀၀ ဝန်းကျင် ခန့်အလုပ်လုပ်နေတဲ့ call centre နေရာကို ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။

 

အလုပ်ခိုင်းတဲ့သူတွေကို ပြန်ခံပြောရင် ကျင်စက်နဲ့ အတို့ခံရတယ်လို့လည်း ၎င်းတို့က ပြောပါတယ်။

 

အဲဒီအမျိုးသမီး ၃ ဦးကို ရဲအရာရှိယောင်ဆောင်ပြီး ထိုင်းလူမျိုး သားကောင်တွေကို ရှာဖွေခိုင်းပါတယ်။ အဲဒီ နောက် ထိုင်းလူမျိုးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်ပြီး အဲဒီဖုန်းလိုင်းကို တခြားလိမ်ညာနေ သူထံ လွှဲပြောင်းပေးလိုက်ရတယ်လို့ ဆိုပါတယ်။

 

၎င်းတို့ဟာ တစ်ရက်ကို ဖုန်းခေါ်ဆိုမှု ၅၀၀ ကနေ ၇၀၀ အထိ ပြုလုပ်ရပြီး အနည်းဆုံး သားကောင် သုံးဦးကနေ လေးဦးအထိ ကိုယ်ရေးအချက်အလက်တွေကို မဖြစ်မနေ ရယူပေးရတယ်လို့ဆိုပါတယ်။

 

ခိုင်းတဲ့အတိုင်း မလုပ်တဲ့အမျိုးသမီးတွေဟာ ပြည့်တန်ဆာအဖြစ်ရောင်းစားခံရသလို အရိုက်ခံရပြီး အသတ်ပါခံ ရနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့ အဆိုပါအမျိုးသမီး ၃ ဦးက ပြောပါတယ်။

 

အဲဒီအဆောက်အအုံကနေ ဘယ်သူမှ ထွက်ခွာခွင့်မရှိဘဲ ထွလက်ပြေးဖို့ကြိုးစားလို့ ဖမ်းမိရင် ဘေ့စ်ဘောတုတ် တံနဲ့ အရိုက်ခံရခြင်းအပါအဝင် တခြားနည်းလမ်းမျိုးစုံနဲ့ အပြစ်ပေးခံရတယ်လို့ ဆိုပါတယ်။

 

အမျိုးသမီး ၃ ဦးထဲက တစ်ဦးက ၎င်းတို့နဲ့အတူ အလုပ်လာလုပ်ဖို့ သူငယ်ချင်းတွေကို ခေါ်ချင်တယ်လို့ လိမ်ညာ ပြောဆိုပြီး ခွင့်ပြုချက်ရတဲ့အချိန်မှာ မိသားစုဆီဖုန်းဆက်အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

၎င်းတို့ ၃ ဦးဟာ ကိုယ့်ကိုယ်ကိုယ် အင်မတန်ကံကောင်းတယ်လို့ မှတ်ယူပြီး အဲဒီငွေလိမ်ဂိုဏ်းအလုပ်မျိုးကို တခြားမိန်းကလေးတွေ သွားရောက်လုပ်ကိုင်ခြင်းမပြုအောင် သတိပေးသွားချင်တယ်လို့ ဆိုပါတယ်။

 

Ref: Three escape Chinese scam gang

 

#PeopleMedia


Share this post