တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အား လိုင်းစီမံကိန်းများတည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်နေ
PUBLISHED - December 28, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ် ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဒီဇင်ဘာ ၂၅ ရက် မှ ၂၆ ရက်ထိ လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့တွင် ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက်တွင် ဗီယင်ကျင်းမြို့၌ ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးကို တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာန၏ အဓိကအရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ် ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စီမံကိန်းအား လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရေးကို အထူးအလေးထားပါကြောင်း ပြောသည်။
မြန်မာ-လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (Joint Working Committee -JWC)နှင့် ပူးတွဲ လုပ်ငန်းအဖွဲ့ (Joint Working Group-JWG) များ ဖွဲ့စည်း၍ ပူးပေါင်း ဆောင်ရွက်လာခဲ့ကြသည့် (၅) နှစ်ကျော်သက်တမ်းကာလအတွင်း သိသာထင်ရှားသော လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ယခင်လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်း ၃ခုမှ ၄ခုအထိ ဆောင်ရွက်နိုင်ပြီး၊ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်သည့် အလားအလာရှိသည်ကို သိရှိရကြောင်း၊ မဲခေါင်မြစ်စီမံကိန်းတစ်ခုလျှင် ၅၀၀မဂ္ဂါဝပ်နှင့်အထက် တည်ဆောက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို မြန်ဆန်စွာပြီးမြောက်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း၏ FSR ပြီးစီးမှုနှင့် FSR အပေါ် စိစစ်သုံးသပ်ချက်များအရ နည်းပညာနှင့် စီးပွားရေး တွက်ချေကိုက်မှုရှိသည့် အပေါ်မူတည်၍ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးကို နှစ်နိုင်ငံအစိုးရများထံ တင်ပြလမ်းညွှန်မှု ခံယူနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ ကုမ္ပဏီများက FSR မြန်ဆန်စွာ ပြီးစီးအောင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလို ကြောင်းဖြင့် ပြောသည်။
#PeopleMedia