တရုတ်-ကမ္ဘောဒီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ စက်သေနတ်တပ်ဆင်ထားတဲ့ စက်ရုပ်စစ်ခွေးတွေ တရုတ် ထုတ်ဖော်ပြသ
PUBLISHED - May 17, 2024
နိုင်ငံတကာ၊ မေ ၁၇
တရုတ်နဲ့ ကမ္ဘောဒီးယား ပူးတွဲကျင်းပတဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုစတင်တဲ့ ကြာသပတေးနေ့မှာ စက် သေနတ်တပ်ဆင်ထားတဲ့ စက်ရုပ်စစ်ခွေးတွေကို တရုတ်တပ်မတော်က ထုတ်ဖော်ပြသလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုုပ်နှံမှု ဒေါ်လာတွေ ဘီလျံနဲ့ချီပြီး စီးဝင်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံက ရေတပ်စခန်းတစ်ခုကို တရုတ် နိုင်ငံက အသုံးပြုမှာ အမေရိကန်က စိုးရိမ်ပူပန်နေပါတယ်။
တရုတ်တပ်ဖွဲ့ဝင် ၇၆၀ အပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀ ကျော်ဟာ ကမ်ဖောင်းချနန်းပြည်နယ်မှာရှိတဲ့ သင် တန်းကျောင်းတစ်ခုနဲ့ ပရိဆီဟာနွတ်ပြည်နယ်မှာရှိတဲ့ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေ တာဖြစ်ပါတယ်။
ရွှေနဂါး (Golden Dragon) လို့ အမည်ပေးထားတဲ့ ၁၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်စစ်သင်္ဘော ၃ စီး အပါအဝင် စစ်သေင်္ဘာ ၁၄ စီး၊ ရဟတ်ယာဉ် ၂ စီး၊ တင့်/သံချပ်ကာ ၆၉ စီးတို့ပါဝင်ပြီး ကျည်စစ်ကျည်မှန်များ ဖြင့် ပစ်ခတ်လေ့ကျင့်ခြင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးလေ့ကျင့်ခြင်းနဲ့ လူသားချင်းစာနာမှုကယ်ဆယ်ရေးလုပ် ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တရုတ်တပ်မတော်က ထုတ်ဖော်ပြသတဲ့လက်နက်တွေထဲမှာ စစ်ရုပ်ခွေးလို့ သိထားကြပြီး ကျောကုန်းမှာ စက် သေနတ်တပ်ဆင်ထားတဲ့ ခြေလေးချောင်းပါ အဝေးထိန်းစက်ရုပ်စစ်ခွေးတွေလည်း ပါရှိပါတယ်။
စက်ရုပ်စစ်ခွေးတွေကို ကိုင်တွယ်တဲ့တပ်ဖွဲ့ဝင်တွေဟာ အဲဒီစက်ရုပ်ခွေးတွေရဲ့ လမ်းလျှောက်နိုင်တဲ့စွမ်းရည်ကို သာ သတင်းထောက်တွေနဲ့ ထိပ်တန်းခေါင်းဆောင်တွေကို သရုပ်ပြသွားပြီး တပ်ဆင်ထားတဲ့ စက်သေနတ်ပစ် အားကိုတော့ ထုတ်ဖော်ပြသခြင်းမရှိပါဘူး။
အကြမ်းဖက်တိုက်ဖျက်ရေးကဏ္ဍမှာ နှစ်နိုင်ငံတပ်မတော်တွေရဲ့ စွမ်းရည်တွေကို မြှင့်တင်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗောင်းဖိဆန်က အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ မိမိတို့ပိုင်နက်မြေပေါ်မှာ ဘယ်တော့မှ နိုင်ငံခြားစစ်စခန်းတစ်ခုကို လက်ခံခွင့်ပြုသွားမှာ မဟုတ်ကြောင်း အစဉ်အဆက်ကမ္ဘောဒီးယားခေါင်းဆောင်တွေပြောသလိုပဲ ဗောင်းဖိဆန်ကလည်းပြောပါတယ်။
အမေရိကန်ထောက်ပံ့ထားတဲ့ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းနဲ့ တည်ဆောက်ထားပြီး အမေရိကန်စစ်ရေးလေ့ကျင့် မှုတွေကို လက်ခံခဲ့တဲ့ ရီး (မ်) ရေတပ်စခန်းက အဆောက်အဦတွေကို ဖျက်သိမ်းလိုက်ပြီးနောက်မှာ အဲဒီရေတပ် စခန်းပြန်လည်ပြင်ဆင်ဖို့အတွက် တရုတ်နိုင်ငံက ရန်ပုံငွေထောက်ပံ့ခဲ့ပါတယ်။
ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ပြီးနောက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ရီး (မ်) ရေတပ်စခန်းမှာ တရုတ်စစ်သင်္ဘောနှစ်စီး ဆိုက်ကပ်ခဲ့ပါတယ်။
ရီး (မ်) ရေတပ်စခန်းဟာ တောင်တရုတ်ပင်လယ်အနီးရှိ ထိုင်းပင်လယ်ကွေ့ထဲက မဟာဗျူဟာမြောက်အဓိက စခန်းတစ်ခုအဖြစ် တရုတ်ကိုအသုံးပြုခွင့်ပေးလိမ့်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ရီး (မ်) ရေတပ်စခန်းမှာရှိတဲ့ ၃၆၃ မီတာ (၁၁၉၀ ပေ) ရှည်လျားတဲ့ ဆိပ်ခံတံတားဟာ လေယာဉ်တင်သင်္ဘော တွေ ဆိုက်ကပ်ရပ်နားဖို့အတွက် ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ ဆိပ်ခံတံတားဆိုတာကို ကမ္ဘောဒီးယား အာ ဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်က ငြင်းပယ်ခဲ့ပါတယ်။
Ref: China Shows off Robot ‘Dogs of War’ in Cambodia Drills
#PeopleMedia