တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း ၄ ကျောင်းသို့ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာပစ္စည်းများ လှူဒါန်း
PUBLISHED - December 13, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မကွက်သစ် အခြေခံပညာမူလ တန်းလွန်ကျောင်း စသည့် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း ၄ ကျောင်းသို့ နံရံကပ်ပန်ကာ၊ အလို အလျောက် ကျောင်းတက်ဆင်းခေါင်းလောင်း၊ စားပွဲတင်တင်းနစ်စားပွဲ၊ ဘောလုံး၊ ဘော်လီဘောနှင့် ကြက် တောင်စသည့် ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး မှ ထုတ်ပြန်ထားသည်။
ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးတာဝန်ခံ ဒေါ်အေးအေးမိုးမှ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်း သားများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ကျောင်းများအပေါ် ဂရုစိုက်ကူညီပေးမှုအပေါ် ကျေးဇူး တင်ရှိပါကြောင်း၊ ထိုပစ္စည်းများအား ကောင်းမွန်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်း သူများကို စာကြိုးစားပြီး ကိုယ်လက်ကြံ့ခိုင်မှုမြှင့်တင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အမွေဆက်ခံသူများ ဖြစ်လာစေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် အဆက်မပြတ် တိုးတက်လာစေရန် တရုတ်သံရုံးနှင့်အတူ ပညာရေးနှင့် လူမှုယဉ်ကျေးမှုကဏ္ဍတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏တောင်းဆိုချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အထက်ပါကျောင်း ၄ ကျောင်းအတွက် စာသင်ကျောင်းဆောင်များပြုပြင်မွမ်းမံခြင်း သို့မဟုတ် အသစ် ဆောက်လုပ်ပေးခြင်း၊ သောက်သုံးရေစက်များတပ်ဆင်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကာ မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနနှင့်အတူ အထက်ပါကျောင်းအား တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်းဟု အမည်ပေးခဲ့ ကြောင်း သိရသည်။
လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းအတွက် အဆက်မပြတ်ကူညီပံ့ပိုးပေးခဲ့သည်။
လူငယ်ဆရာဆရာမကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့သွားရောက်လေ့လာသင်ယူရန် ဖိတ်ကြားခြင်း အပါ အဝင် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းများ၏ အနှစ်သာရကို အဆက်မပြတ်ပြည့်ဝစေကာ ကျောင်း သားကျောင်းသူနှင့် ဆရာဆရာမများကို အကျိုးခံစားရစေခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
#PeopleMedia