• Follow Us on
Latest News

Home တရုတ်/ရုရှား နည်းပညာအသုံးပြုထားတဲ့ စမတ်ကားတွေကို အမေရိကန်ပိတ်ပင်

တရုတ်/ရုရှား နည်းပညာအသုံးပြုထားတဲ့ စမတ်ကားတွေကို အမေရိကန်ပိတ်ပင်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

 

အမေရိကန်ကားဈေးကွက်ထဲမှာ တရုတ်/ရုရှား နည်းပညာတွေထည့်သွင်းထားတဲ့ စမတ်ကားတွေ ရောင်းဝယ်ရေးကို မကြာခင် အိမ်ဖြူတော်ကနေ အနားယူတော့မယ့် ဂျိုးဘိုင်ဒန်အစိုးရက တားဆီးပိတ်ပင်မိန့် ထုတ်ပြန်လိုက်ပါတယ်။

 

အင်္ဂါနေ့ (ဇန်နဝါရီ ၁၄ ရက်နေ့) က အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တရုတ်/ ရုရှား နိုင်ငံတို့က နည်းပညာတွေနဲ့ ဆက်စပ်ပြီး ထုတ်လုပ်ထားတဲ့ ၂၀၂၇ ခုနှစ် မိုဒယ်လ်မော်တော်ကားတွေကို ဝယ်ယူခွင့်ပိတ်ပင်လိုက် တာဖြစ်ပါတယ်။

 

အဲဒီလို ပိတ်ပင်ရာမှာ တရုတ်/ရုရှား နည်းပညာတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအတွင်း ထုတ်လုပ်တဲ့ မော်တော်ကားတွေဖြစ်နေရင်တောင် ဒီပိတ်ပင်မှုနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။

 

Hardware ပိတ်ပင်ကန့်သတ်ချက်တွေကို ၂၀၃၀ မိုဒယ်လ်ကားတွေအတွက် ချမှတ်ထားသလို Software ပိတ်ပင်ကန့်သတ်ချက်တွေကိုတော့ ၂၀၂၇ မိုဒယ်လ်ကားတွေမှာပါ အကျုံးဝင်မှာဖြစ်ပါတယ်။

 

မိုဒယ်လ်နှစ် ဖော်ပြမထားတဲ့ ပိတ်ပင်ကန့်သတ်မှုတွေကတော့ ၂၀၂၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင်မှာဖြစ်ပါတယ်။

 

ဒါပေမဲ့ ကုန်တင်/ခရီးသည်တင် ကားတွေရဲ့ ထောက်ပံ့ရေးကွင်းဆက်ရှုပ်ထွေးမှုကြောင့် လက်ရှိအချိန်မှာ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့အမိန့်ဟာ ပေါင် ၁၀,၀၀၁ ပေါင် (၄,၅၃၆ ကီလိုဂရမ်) အလေးချိန်အောက်ရှိတဲ့ ခရီးသည်တင်ကားတွေအတွက်သာ အကျုံးဝင်မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

လိုက်ထရပ်တို့၊ ဘတ်စ်ကားတို့လို စမတ် ကုန်တင်/ခရီးသည်တင်ကားတွေအတွက်ကတော့ မကြာခင်ကာလ အတွင်းမှာ သီးခြားအမိန့်ထုတ်ပြန်မှာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

 

စက်မှုထုတ်ကုန်ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံခြင်းတွေ၊ လူထုဆန္ဒကောက်ယူမှုတွေအပါအဝင် စည်းမျဉ်း စည်းကမ်းပြန်လည်ဆန်းစစ်လေ့လာမှုတွေ လပေါင်းများစွာကြာအောင် ပြုလုပ်ပြီးမှ အင်္ဂါနေ့က အမိန့်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အလိုအလျောက်မောင်းနှင်မှုစနစ်တွေနဲ့ ယာဉ်ဆက်သွယ်ရေးစနစ်တွေမှာ တရုတ်နဲ့ ရုရှား နည်းပညာ အသုံးပြုထားတဲ့ ကားတွေကို အဆင့်လိုက်ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း ပြီးခဲ့တဲ့နှစ် မတ်လအတွင်း ဘိုင်ဒန်အစိုးရက ပြောဆိုလိုက်ပြီးနောက် အခုလို အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နိုင်ငံလို ပြိုင်ဘက်နိုင်ငံတွေက နည်းပညာ အသုံးပြုမှုကို ကန့်သတ်တားဆီးဖို့ ဘိုင်ဒန်အစိုးရရဲ့ နောက်ဆုံးကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

 

အခု ပိတ်ပင်မှုတွေထဲမှာ ဉာဏ်ရည်တု AI နည်းပညာစနစ်တွေကို သုံးစွဲနိုင်တဲ့ အမေရိကန်ထုတ် ကွန်ပျူတာချိ (ပ်) တွေ ပြည်ပနိုင်ငံတွေကို တင်ပို့တာကို ကန့်သတ်ပိတ်ပင်ထားတဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဥပဒေ တစ်ရပ်လည်းပါဝင်ပါတယ်။

 

ဒါ့အပြင် အမေရိကန်နိုင်ငံထဲမှာ တရုတ်ဒရုန်းတွေကို ကန့်သတ်/တားမြစ်မယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရေး အတွက်လည်း ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ သဘောထားအမြင်တွေကို တောင်းခံထားကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာနက အခုအစောပိုင်းက ပြောပါတယ်။

 

အမေရိကန်မှာရှိတဲ့ တရုတ်သံရုံးကတော့ “အခုပိတ်ပင်တားမြစ်မှုတွေဟာ နိုင်ငံတကာထောက်ပံ့မှုကွင်းဆက်ကို ထိခိုက် စေမှာဖြစ်ပြီး အမေရိကန်ကုန်ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှာ ဖြစ်ကြောင်း” ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။

 

Ref: US bans Chinese and Russian tech in smart cars

 

#PeopleMedia


Share this post