တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးကျင်းပ

PUBLISHED - September 18, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၈
China-ASEAN Ministerial Roundtable on Construction အစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တရုတ် – အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောကဏ္ဍ တစ်ရပ်အနေဖြင့် China – Myanmar Economic Corridor (CMEC)သည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ အခြေခံအဆောက်အအုံချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်ခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာ ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေးစင်္ကြံ(International Land Sea Trade Corridor – ILSTC) သည် မြန်မာနိုင်ငံကိုဖြတ်ကျော်၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေး သည့် အရေးကြီးသော လမ်းကြောင်းတစ်ခုလည်းဖြစ်ကြောင်း ပြောသည်။
အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက် အလားအလာကို အပြည့်အဝအသုံးပြုနိုင် ရန်နှင့် ဒေသတွင်းချိတ်ဆက်မှုတိုးမြှင့်ရန်၊ ခိုင်မာသော အခြေခံအဆောက်အအုံစီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံခြင်းသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် စည်းလုံး ညီညွတ်စွာဖြင့် သာယာဝပြောပြီး အပြန်အလှန်အကျိုးရှိစေမည့် နည်းလမ်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ရန် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ကြရာ၌ အာဆီယံ နိုင်ငံအသီးသီး၏ အကောင်းဆုံးအလေ့အထများနှင့် နည်းပညာ များကို အချင်းချင်းမျှဝေဆွေးနွေးကြခြင်းဖြင့် ယခုကျင်းပသည့် အစည်းအဝေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသည့်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် အလားအလာများ၊ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အချင်းချင်း မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#PeopleMedia