တရုတ် BYD ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာကျော် Tesla ကုမ္ပဏီကို ကျော်လွန်ပြီး ဒေါ်လာဘီလျံ ၁၀၀ ကျော်ဖိုး ရောင်းချခဲ့ရ

PUBLISHED - March 26, 2025
နိုင်ငံတကာ၊ မတ် ၂၆
တရုတ် BYD ကားတွေဟာ ပြီးခဲ့တဲ့နှစ်က ပြိုင်ဘက် Tesla ကားတွေကို ကျော်တက်ပြီး ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။
Shenzhen အခြေစိုက် BYD ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်မှာ ယွမ်ငွေ ၇၇၇ ဘီလျံ (ဒေါ်လာ ၁၀၇ ဘီလျံ) ဖိုး ရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ထက် ရောင်းအား ၂၉% မြင့်တက်ခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မတ်တည်ထောင်ထားတဲ့ Tesla ကုမ္ပဏီကတော့ ၂၀၂၄ ခုနှစ်မှာ Tesla ကား ဒေါ်လာ ၉၇.၇ ဘီလျံဖိုး ရောင်းချခဲ့ရပါတယ်။
ဆန်းစစ်လေ့လာသူတွေက တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး BYD ကုမ္ပဏီရဲ့ အသားတင်အမြတ်ဟာ ယွမ်ငွေ ၃၉.၅ ဘီလျံရှိမယ်လို့ ခန့်မှန်းထားရာ အဆိုပါခန့်မှန်းချက်ထက်ကျော်လွန်ပြီး BYD ကုမ္ပဏီဟာ အသားတင်အမြတ် ယွမ်ငွေ ၄၀.၃ ဘီလျံ (ဒေါ်လာ ၅.၆ ဘီလျံ) ရရှိခဲ့ပါတယ်။
BYD ကုမ္ပဏီဟာ ပြည်ပနိုင်ငံ ကားအရောင်း ၈၀၀,၀၀၀ အပါအဝင် အခုနှစ်အတွင်း ကားအစီးရေ ၅.၅ သန်းဝန်းကျင် ရောင်းချဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုရင်း ဟောင်ကောင်မှာ မတ်လ ၂၅ ရက်နေ့ (အင်္ဂါနေ့) က ကျင်းပခဲ့တဲ့ အစည်း အဝေးမှာ ကုမ္ပဏီတည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ဝန်ချူအန်ဖူ (Wang Chuanfu) က ၂၀၂၅ ခုနှစ် ရည်မှန်းချက်ကို လျှော့ချပြောဆိုထားပါတယ်။
ပြည်ပတင်ပို့မယ့် ကားအစီးရေ တစ်သန်းအပါအဝင် BYD ၅-၆ သန်း ရောင်းချသွားမယ်ဆိုတဲ့ အစောပိုင်းက ပြောဆို ချက်ထက် အခုပြောဆိုချက်က ပိုပြီး အသေးစိတ်တိကျတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။
အင်္ဂါနေ့က ဟောင်ကောင်မှာ BYD ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ ၄.၁% လျော့ကျသွားတာတောင်မှ အခုနှစ်အတွင်း စတော့ရှယ်ယာ ၄၆% အထိ မြင့်တက်လာခဲ့ရာ ပြီးခဲ့တဲ့အပတ်က စံချိန်ချိုးမြင့်တက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ်မှာ BYD ကားအရောင်း ၇၃% မြင့်တက်ခဲ့ပြီး ရောင်းအား ယွမ်ငွေ ၂၇၅ ဘီလျံမှာ အသား တင်အမြတ် ၁၅ ဘီလျံ ရရှိခဲ့ပါတယ်။
BYD ကုမ္ပဏီဟာ တရုတ်ကားဈေးကွက်နဲ့ ကမ္ဘာ့ကားဈေးကွက်မှာ အချိန်တိုအတွင်း အမြင့်ဆုံးနေရာကို ရောက်ရှိလာပြီး အထူးသဖြင့် လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍမှာ အမြင့်ဆုံးယှဉ်ပြိုင်ဘက်ဖြစ်လာပါတယ်။
အခုနှစ်တစ်နှစ်အတွင်းမှာပဲ “ငါးမိနစ်အားသွင်းရုံနဲ့ ကီလိုမီတာ ၄၀၀ ခရီးကို မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားသစ်” နဲ့ BYD ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပါတယ်။
Ref: BYD sales pass $100 billion, topping Tesla
#PeopleMedia