တာချီလိတ်မြို့၌ တပ်မတော်ထောက်ခံပွဲကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်သူနှစ်ဦး ဖမ်းဆီးခံရ
PUBLISHED - February 2, 2022
တောင်ကြီး၊ ဖေဖော်ဝါရီ ၂ (People Media)
ဖေဖော်ဝါရီ ၁ ရက်နေ့က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် အမျိုးသားနှစ်ဦးသည် ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများက ပြောပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက တာချီလိတ်မြို့၌ လူအင်အား ၇၀၀ ခန့်ဖြင့် တပ်မတော် ထောက်ခံပွဲ ပြုလုပ်သည့်နေရာကို ဆိုင်းကယ်စီးလာသည့် အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုကဲ့သို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ထောက်ခံပွဲ၌ ပါဝင်သူနှစ်ဦး သေဆုံးခဲ့သလို အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
“ထောက်ခံပွဲကျင်းပတဲ့နေရာတွေမှာ တပ်ရော၊ ရဲရော ရှိတယ်။ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးက လက်ပစ်ဗုံး ပစ်ပြီးပြေးတာ။ အဲ့ဒီဆိုင်ကယ်သွားတဲ့ လမ်းတွေကို ပိတ်ပြီး စစ်လိုက်တော့ မိသွားတာ။ အချို့ လက်ပစ်ဗုံးတွေ က မကွဲဘူး။ မကွဲလို့ သေဆုံးတာ နည်းသွားတာ။ အခြား လက်ပစ်ဗုံးတွေပါပေါက်ရင် သေဆုံးဒဏ်ရာရတာ တော်တော်များနိုင်တယ်။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်ထောက်ခံပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပြုလုပ်ခဲ့ပါတယ်။
#PeopleMedia #တာချီလိတ်မြို့
(unicode)
……………………………………………………………