တာချီလိတ်မြို့နယ်၌ တရားမဝင်နေထိုင်လျက်ရှိသော တရုတ် ၄ ဦးအား နေထိုင်ခွင့်ပြုထားသူခြံပိုင်ရှင်အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်

PUBLISHED - June 22, 2024
နေပြည်တော်၊ ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကား ပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံ ကျေးရွာရှိ ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန် ပိုင်ဆိုင်သည့် ခြံအမှတ်(ဝကလ-၀၆၄)ရှိ ငါးကန်ဟောင်းနေရာ၌ တရုတ်နိုင်ငံသားများ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲက ဝင်ရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာ၌ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အန်းဟွေးပြည်နယ်၊ ရှန်ရင်တုန့်ပိုင် မြိုနေ ရှောက်ဟူ(၃၄)နှစ် (ဘ)ဝမ်းလိ၊ ဖူးကျန့်ပြည်နယ်၊ လုံးရမ်မြိုနေ လောင်ရောင်း(၄၅)နှစ်၊ ဟူနန်ပြည်နယ်၊ ဟိန်းရမ်မြိုနေ လောက်လျိုး(၃၄)နှစ်နှင့် ကွေ့ကျုံးပြည်နယ်၊ အန်းစွင့်မြိုနေ အားဖိန်း(၂၈)နှစ်တို့ ၄ ဦးအား MK 12 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၀ တောင့်၊ M 16 အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၉ တောင့်၊ CZ 512 အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိင့် ၂၂ ကျည် ၉၁ တောင့်၊ GLOCK-19 ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ Sig Sauer ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ကျည် ၂၁ တောင့်၊ ဆက်သွယ်ရေး စကားပြောစက် ၈ လုံး၊ ကတ်တမင်း ၁၅၀ ဂရမ်ခန့်၊ မူးယစ်ဆေးဝါးမွှေစက် ၁ လုံးနှင့် တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်း တိရစ္ဆာန် ခြင်္သေ့ ၁ ကောင်၊ ကျား ၁ ကောင်၊ ဝက်ဝံ ၂ ကောင်တိုနှင့် အတူတွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် ၎င်းတို့အား တရားမဝင်နေထိုင်ခွင့်ပြုထားသူ ခြံပိုင်ရှင် ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန်တိုအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia