တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား နစကဥက္ကဋ္ဌ သွားရောက်ဖူးမြော်
PUBLISHED - February 9, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့) နံနက် ၁၂ နာရီ ၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော် ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြ သည်။
ထို့နောက် ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများ အားဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့်အခြေ အနေများကို လျှောက်ထား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့် ဇနီးတို့သည် ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင် ထားရှိကြောင်း၊ ၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီ လိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိ ရသည်။
ဆရာတော်ကြီး၏ သက်တမ်းတစ်လျှောက် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်း တမံဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒ မဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီး မြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။
ဆရာတော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါ အရောက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
#PeopleMedia