တာမွေမြို့နယ်တွင် နေအိမ်တိုက်ခန်း၌ အဘွားအိုတစ်ဦးတည်းရှိနေစဉ် အမျိုးသား ၂ ဦး ဝင်ရောက်လုယက်
PUBLISHED - August 19, 2024
နေပြည်တော်၊ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက် ၁၆၆ လမ်း ယမန်နေ့ ညပိုင်းက နေအိမ် (၄လွှာ) ၌ အဘွားအိုတစ်ဦးတည်းရှိနေစဉ် အမျိုးသား ၂ ဦး ဝင်ရောက်လုယက်ခဲ့ပြီး လုယက်သူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ သိရသည်။
“လုတဲ့သူနှစ်ယောက်မှာ တစ်ယောက်က မိတယ် လွတ်သွားတဲ့ တစ်ယောက်မှာ ရွှေနဲ့ ပိုက်ဆံ ပါသွားတယ်။ အဘွားအိုကတော့ အခုအရေးပေါ်မှာ။” ဟု တာမွေကြီး(ခ)ရပ်ကွက် ၁၆၆ လမ်းနေသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် ၁၆၆လမ်း နေအိမ်အသက်ကြီး အဘွားအို ၁ ဦးထဲ နေအိမ်(၄လွှာ)၌ ရှိနေစဉ် အမျိုးသား ၂ ဦးမှာ အိမ်ထဲဝင်ရောက်ပြီး အဘွားအားထိုးကျိတ်၊ လည်ပင်းညှစ်၊ မျက်နှာအား ခေါင်းအုံဖြင့်ဖိခြင်းများ ပြုလုပ်နေစဉ် (၈ လွှာ)နေ သမီးဖြစ်သူမှ အဘွားအို၏ အိမ်တံခါးဖွင့် မရသဖြင့် တိုက်ခန်းနေသူများ၏ အကူအညီဖြင့် တံခါးအားဖျက်၍ ဝင်ရောက်ရာ လုယက်သူ ၂ ဦးမှာ ဘေးပြတင်ပေါက်မှ ခုန်ချထွက်ပြေးခဲ့ရာ ပတ်ဝန်းကျင်ပြည်သူများမှ လိုက်လံဖမ်းဆီးရာ လုယက်သူ ၁ ဦးအား ဖမ်းမိခဲ့ပြီး ၁ဦးမှာ လွတ်မြောက်သွားကြောင်းနှင့် အဘွားအိုအား ရန်ကုန်ဆေးရုံအရေးပေါ်ဌာနသို့ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ၅ရက်၊ ညနေပိုင်းက တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ၁၅၆ လမ်းရှိ လျှပ်စစ် ပစ္စည်းဆိုင်တစ်ဆိုင်မှအမျိုးသမီး ၂ ဦးအား ရိုက်နှက်ကာ ရွှေနှင့် ငွေများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
#PeopleMedia