တိုက်ကြီးတွင် တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
PUBLISHED - September 9, 2024
နေပြည်တော်၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းတွင် စက်တင်ဘာလ ၈ ရက် ည ၈ နာရီကျော်အချိန်က တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ဦးပြုံးချို ၇၄ နှစ်သည် နေအိမ်တွင်တစ်ဦးတည်း ညစာစား နေချိန် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာပြီး ဦးပြုံးချိုအား ခန္ဓာကိုယ်အားနှာမောင်းဖြင့် ရစ်ပတ်ကာ တိုက်ခိုက်ခဲ့သဖြင့် ဗိုက်ပွင့်ထွက် ဒဏ်ရာအပါအဝင် ဒဏ်ရာများရရှိပြီး နေရာ၌ပင် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူ ဦးပြုံးချို၏ ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
သြဂုတ်လ ၂၉ ရက် ည ၇ နာရီအချိန်က တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းတွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်စီးမှုကြောင့် အိမ်ခြေ (၇)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးတို့ကို စက်တင်ဘာလ ၅ ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
#PeopleMedia