• Follow Us on
Latest News

Home တိုက်ပွဲဖြစ်လာနိုင်ချေရှိသည့် မိုင်းခွန်းကျေးရွာမှပြည်သူများ တနိုင်းဘက်သို့ ရွှေ့ပြောင်းလာ

တိုက်ပွဲဖြစ်လာနိုင်ချေရှိသည့် မိုင်းခွန်းကျေးရွာမှပြည်သူများ တနိုင်းဘက်သို့ ရွှေ့ပြောင်းလာ

Share this post

မြစ်ကြီးနား၊ ဇွန် ၂၁

 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်းကျေးရွာတွင် တိုက်ပွဲဖြစ်လာနိုင်ချေ ရှိသည့်အတွက် ပြည်သူများ တနိုင်းဘက်သို့ ရွှေ့ပြောင်းလာကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၅၊ ၁၆ ရက်ဝန်းကျင်ခန့်မှ စတင်ပြီး KIA၊ PDF ပူးပေါင်းအဖွဲ့များမှာ မိုင်းခွန်းကျေးရွာ အနီး အနားသို့ ရောက်ရှိလာပြီး မြို့သိမ်းတိုက်ပွဲ ရှိလာမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအား ဘေးလွတ်ရာ သို့ ရွေ့ပြောင်းနေထိုင်ရန် သတိပေးပြောဆိုမှုများကြောင့် ကျေးရွာပြည်သူအချို့ တနိုင်းဘက်နှင့် ဆွေမျိုးရှိရာ မြို့နယ်များသို့ ရွေ့ပြောင်းမှုရှိလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

“ဒီလ ၁၀ ရက်ကျော်ကတည်းက KIA၊ PDF တွေက သတိပေးတာမျိုး ရွာထဲမှာရှိလာတယ်။ ဒါကြောင့် တနိုင်း ဘက်နဲ့ တစ်ခြားရွာတွေကို ရွေ့ပြောင်းနေကြတယ်။ တစ်ချို့ကတော့ အဆင်သင့်ပြင်ဆင်ထားကြပြီ။ တစ်ချို့က လယ်လုပ်ငန်းမပြီးသေးလို့ မပြောင်းရွေ့ကြတာလည်း ရှိတယ်။ တိုက်ပွဲက ဘယ်အချိန်၊ ဘယ်နေ့ ထဖြစ်မလဲ မသိနိုင်တာမို့ ကြိုပြင်ဆင်ထားကြတဲ့သူက များတယ်” ဟု ၎င်းမှဆိုသည်။

 

အဆိုပါ တိုက်ပွဲရှောင်လာကြသည့် ပြည်သူများအား တနိုင်းမြို့တွင် ယာယီစစ်ရှောင်နေရာအဖြစ် သတ်မှတ် နေရာ မရှိသေးသည့်အတွက် နီးစပ်ရာ ဆွေမျိုးအိမ်များနှင့် အိမ်ငှား‌နေထိုင်လျက်ရှိကြပြီး၊ တိုက်ပွဲရှောင်လာ သည့် ပြည်သူများမှာ ခန့်မှန်းအားဖြင့် လူဦးရေ (၅၀) နီးပါးရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် KIA၊ PDF ပူးပေါင်းအဖွဲ့များမှ တနိုင်းမြို့နယ် နမ်ဗျူ၊ နမ်ခမ်းရှိ တပ်မတော် စခန်းများကို တိုက်ခိုက်ခဲ့သည့်အပြင် ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင်လည်း တနိုင်းရွှေမှော်ရှိ တပ်မတော် စခန်းများ၊ ရေကန်တောင်ဘက် တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလင်း

 

#PeopleMedia


Share this post