• Follow Us on

Home တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဧရာဝတီ ဒုတိယမြစ်ကျဉ်းဒေသ၌ နေထိုင်သူများ စိုးရိမ်နေဟုဆို

တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဧရာဝတီ ဒုတိယမြစ်ကျဉ်းဒေသ၌ နေထိုင်သူများ စိုးရိမ်နေဟုဆို

Share this post

မြစ်ကြီးနား၊ ဩဂုတ် ၁၁

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော် – ရွှေကူ ရေကြောင်းလမ်းပိုင်းရှိ ဧရာဝတီ ဒုတိယမြစ်ကျဉ်းဒေသတွင် ယခုရက်ပိုင်းအတွင်း KIA နှင့် PDF လက်နက်ကိုင်အဖွဲ့များ စစ်ရေးလှုပ်ရှားနေသောကြောင့် ယင်းဒေသ၌ တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်ဟု သိရသည်။

 

KIA နှင့် PDF လက်နက်ကိုင်အဖွဲ့များက ယင်းဒေသ၌ တိုက်ပွဲဖော်ဆောင်ရန်အတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြပြီး၊ ဧရာဝတီ ဒုတိယမြစ်ကျဉ်းဒေသများဖြစ်သည့် ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ၏ အောက် ဘက် ရွှေကူမြို့နယ် နောင်မိုကျေးရွာအုပ်စုရှိ ဇင်းဘုံ၊ ဝဲမဆင်စခန်း၊ နောင်မိုကျေးရွာများအပြင် သင်္ဘောအင်း စသည့် ကျေးရွာများတွင် ပေါ်ပေါ်တင်တင် သွားလာလှုပ်ရှားနေကြသည်ကို တွေ့ရကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

 

“အခုရက်ပိုင်း ပိုပြီးခြေရှုပ်နေတယ်။ ရွှေကူဘက်ကနေ ဗန်းမော်ဘက်လာမယ့် စစ်ရေယာဉ်တန်းကို စောင့်ပြီး တိုက်ဖို့ လုပ်နေကြတယ်။ မြစ်ကျဉ်း ကြက်တူရွေးနှုတ်သီးနားမှာ တိုက်မယ်လို့ ပြောသံတွေ ကြားနေရတယ်။ အခြားနေရာတွေကလဲ တိုက်မယ်လို့ ပြောနေကြတယ်။ ဘယ်မှာတိုက်မလဲ။ ဘယ်အချိန်တိုက်မလဲ မသိဘူး။ ပြည်သူတွေအနေနဲ့ ရေလမ်းက အခုနေသွားရင်တော့ အန္တရာယ်များတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဗန်းမော် – ရွှေကူ – မန္တလေး မြစ်ကြောင်းလမ်းဖြစ်သော ဧရာဝတီမြစ်ဘေးရှိ ရေလဲ၊ မိုးစစ်၊ ပေါက်ကုန်း၊ သင်္ဘောအင်း၊ နောင်မို၊ ဆင်တပ်၊ ကျောက်ကြီး၊ ကျောက်တလုံး စသည်ကျေးရွာများတွင် တပ်မတော် နယ်ခံတပ်ရင်းများနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ကြသည့် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ထိုသို့ တပ်မတော်နှင့် KIA၊ PDF အဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်သည့် ဒေသများမှ ပြည်သူများသည် နေရပ်စွန့်ခွာကြရပြီး၊ အခြားကျေးရွာ၊ မြို့နယ်များရှိ ဘုရားရှိခိုးကျောင်း၊ ဘုန်းတော်ကြီး ကျောင်း၊ စစ်ဘေးရှောင်စခန်းများ၊ ရပ်ဆွေရပ်မျိုးများ၏ နေအိမ်များတွင် တိမ်းရှောင်နေထိုင် နေကြရ ကြောင်းနှင့် အဆင်မပြေမှုများစွာ၊ အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း ရွှေကူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာဘက်မှ တိမ်းရှောင်လာသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

 

“တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ ဘေးလွတ်ရာကို ပြေးကြရတာပေါ့။ မိုးတွင်းကာလဆိုတော့ ပိုပြီးခက်ခဲကြ တယ်။ ကလေးဆို ကျောင်းတက်ဖို့ဆိုတာ ဝေးပေါ့။ အခုဆို ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ လူကြီးတွေ လည်း များနေတယ်။ ကိုယ့်ဒေသကိုပစ်ပြီး ခက်ခက်ခဲခဲနဲ့ နေထိုင်နေကြရတယ်” ဟု တိုက်ပွဲရှောင် ပြည်သူ တစ်ဦးက ပြောပြသည်။

 

အဆိုပါ မြစ်ကြောင်းလမ်းတွင် KIA၊ PDF အဖွဲ့က တပ်မတော် စစ်ရေယာဉ်များကို မကြာခဏ တိုက်ခိုက် လေ့ရှိပြီး ယခုရက်ပိုင်းတွင်လည်း KIA နှင့် PDF လက်နက်ကိုင်အဖွဲ့များက ဗန်းမော် – ရွှေကူ ရေကြောင်း လမ်းပိုင်းရှိ ဧရာဝတီ ဒုတိယမြစ်ကျဉ်းဒေသတွင် တိုက်ပွဲဖော်ဆောင်ရန် စစ်ရေးလှုပ်ရှားနေသောကြောင့် ယင်း ဒေသ၌ တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်နေကြသည်ဟု ဒေသခံများထံက သိရ သည်။

 

ပိုင်ကြီး

 

#PeopleMedia


Share this post