တိုင်ဖုန်းဂျက်တိုက်လေယာဉ် (Eurofighter Typhoons) အစင်း ၄၀ ဝယ်ယူရန် တူရကီစီစဉ်နေ

PUBLISHED - November 22, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂
အမေရိကန် F-35 ပူးပေါင်းထုတ်လုပ်ရေးစီမံချက်မှာ ပါဝင်ခွင့်မရတော့တဲ့အတွက် ကြားကာလ ရွေးချယ်မှုတစ် ရပ်အဖြစ် တူရကီနိုင်ငံက ဥရောပဂျက်တိုက်လေယာဉ် တိုင်ဖုန်း (Eurofighter Typhoons) အစင်း ၄၀ ဝယ် ယူသွားဖို့ စီစဉ်နေကြောင်း တူရကီကာကွယ် ရေးဝန်ကြီး ယာဆာဂူလာက ပြီးခဲ့တဲ့သီတင်းပတ်က လွှတ်တော် ထဲမှာ ပြောကြားလိုက်ပါတယ်။
တိုင်ဖုန်းဂျက်တိုက်လေယာဉ်စုပေါင်းထုတ်လုပ်တဲ့ မိတ်ဖက်သုံးနိုင်ငံထဲက ဗြိတိန်နဲ့ စပိန်တို့က တူရကီအစိုးရကို တိုင်ဖုန်းဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ လိုလိုလားလား ဆန္ဒရှိနေပြီး ဂျာမနီကို ချီတုံချတုံဖြစ်မနေဖို့ နား ချနေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
“ကျွန်တော်တို့ ဥရောပထုတ် တိုင်ဖုန်းဂျက်တိုက်လေယာဉ်တွေ ဝယ်ချင်ပါတယ်။ အဲဒီဂျက်တိုက်လေယာဉ်ဟာ အလွန်စွမ်းဆောင်ရည်ကောင်းတဲ့ လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ အဲဒီလေယာဉ်ကို ဗြိတိန်၊ ဂျာမနီနဲ့ စပိန်တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး ယာဆာဂူလာက ပြောပါတယ်။
“ဗြိတိန်နဲ့ စပိန်တို့ကတော့ တူရကီကိုရောင်းချပေးဖို့ သဘောတူပါတယ်။ လက်ရှိအချိန်မှာ အဲဒီနှစ်နိုင်ငံက ဂျာမနီကို သဘောတူဖို့ နားချနေကြတယ်။ ပြဿနာကို သူတို့ဖြေရှင်းမယ်လို့ ဗြိတိန်နဲ့ စပိန်က ပြောပါတယ်။ သူ တို့ အဲဒီပြဿနာဖြေရှင်းပြီးရင် ကျွန်တော်တို့ Eurofighter ဂျက်တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူသွားဖို့စီစဉ် သွားမှာပါ။” လို့ ယာဆာဂူလာက ပြောပါတယ်။
တူရကီသမ္မတတေယစ်အာဒိုဂန် အခုသီတင်းပတ်ထဲမှာ ဂျာမနီကို သွားရောက်ဖို့ရှိရာ အဲဒီကိစ္စကို ဆွေးနွေး လိမ့်မယ်လို့ Daily Sabah မီဒီယာက ပြောပါတယ်။
Eurofighter Typhoon ခေါ် တိုင်ဖုန်းဂျက်တိုက်လေယာဉ်တွေကို ဗြိတိန်၊ စပိန်၊ ဂျာမနီနဲ့ အီတလီ လေတပ် တွေအတွက် အဲဘတ်စ်ကုမ္ပဏီ (Airbus)၊ ဘီအေအီးစစ္စတမ်ကုမ္ပဏီ (BAE Systems) နဲ့ လီယိုနာဒို ကုမ္ပဏီ (Leonardo) တို့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့အချိန်ကစပြီး လေကြောင်းတိုက်ခိုက်မှုစွမ်းရည်သာလွန်ကောင်းမွန်တဲ့အ ချက်တွေကြောင့် Eurofighter Typhoon ဂျက်တိုက်လေယာဉ်တွေကို သြစတေးလျ၊ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကလည်း ဝယ်ယူခဲ့ပါတယ်။
ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကို တူရကီနိုင်ငံက ဝယ်ယူခဲ့တဲ့အတွက် အမေရိ ကန်နဲ့ တူရကီတို့ ပူးပေါင်းဆောင်ရွက်မယ့် F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်ထဲက တူရကီနိုင်ငံကို အမေရိကန်က ဖယ်ရှားပစ်ခဲ့ပါတယ်။
တူရကီနိုင်ငံက အဲဒီလို ရုရှားဒုံးကျည်တွေ ဝယ်ယူလိုက်တဲ့အတွက် F-35 ဂျက်တိုက်လေယာဉ်တွေရဲ့ အလွန် အရေးကြီးတဲ့ကိုယ်ပျောက်နည်းပညာကို ထိခိုက်နိုင်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
အဲဒီအချိန်ကစပြီး တူရကီအစိုးရဟာ ၎င်းတို့နိုင်ငံရဲ့ သက်တမ်းရင့် F-16 လေယာဉ်အုပ်ကို ထပ်မံဝယ်ယူဖြည့် တင်းခြင်းနဲ့ ပြည်တွင်းအဆင့်မြှင့်တင်ခြင်းအစီအစဉ်တွေနဲ့ အဆင့်မြှင့်တင်ဖို့ စီစဉ်ခဲ့ပါတယ်။
တူရကီအစိုးရဟာ ၂၀၂၁ ခုနှစ်မှာ F-16 ဂျက်တိုက်လေယာဉ် အစင်း ၄၀ နဲ့ အဆင့်မြှင်တင်ရေးကိရိယာတွေကို ဝယ်ယူဖို့ အမေရိကန်အစိုးရထံ မေတ္တာရပ်ခံခဲ့ပါတယ်။
Ref: Turkey Plans to Buy 40 Eurofighter Typhoons as Interim Solution
#PeopleMedia