• Follow Us on
Latest News

Home တူရကီကို F-16 ဂျက်တိုက်လေယာဉ်တွေလွှဲပြောင်းပေးမယ်လို့ အမေရိကန်ထပ်လောင်းအတည်ပြု

တူရကီကို F-16 ဂျက်တိုက်လေယာဉ်တွေလွှဲပြောင်းပေးမယ်လို့ အမေရိကန်ထပ်လောင်းအတည်ပြု

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

 

အမေရိကန်အစိုးရအနေနဲ့ တူရကီနိုင်ငံကို F-16 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးမယ်ဆိုတာ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထပ်လောင်းအတည်ပြုပြော ကြားလိုက်ပါတယ်။

 

အမေရိကန်လွှတ်တော်အမတ်တွေအနေနဲ့ တူရကီနိုင်ငံ F-16 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ရရှိရေး ထောက်ခံမယ့်ကိစ္စကို ဆွီဒင်နိုင်ငံနေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားမှုကို တူရကီနိုင်ငံရဲ့ကန့်ကွက်မှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရေး အပေါ်မှာ အခြေမခံသင့်ဘူးလို့ တူရကီနိုင်ငံက ပြောဆိုနေတဲ့ကြားထဲက နိုင်ငံခြား ရေးဝန်ကြီးဘလင်ကန်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

 

တူရကီနိုင်ငံက ၎င်းတို့လေတပ်ရဲ့သက်တမ်းရင့် တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် ခေတ်မီအဆင့် မြှင့်တင်ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်သစ်တွေကို ဝယ်ယူချင်နေပေမဲ့ အဲဒီလိုအရောင်းအဝယ်ကိစ္စတွေ အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်လိုအပ်ပါတယ်။

 

“သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ တူရကီနိုင်ငံအတွက် လက်ရှိရှိပြီးသား F-16 ဂျက်တိုက်လေယာဉ်တွေ အဆင့်မြှင့် တင်ဖို့အတွက်ရော နောက်ထပ် F-16 ဂျက်တိုက်လေယာဉ်အသစ်တွေထပ်မံရောင်းချပေးဖို့ရော ပြတ်ပြတ်သား သားထောက်ခံပါတယ်။” လို့ ဘလင်ကန်က ပြောပါတယ်။

 

ဒါပေမဲ့ ဘယ်အချိန်မှာ ခွင့်ပြုချက်ရရှိပြီး ဘယ်အချိန်မှာ တိုက်လေယာဉ်တွေပို့ဆောင်ပေးမယ်ဆိုတာကိုတော့ ဘလင်ကန်က အသေးစိတ်မပြောပါဘူး။

 

ဘလင်ကန်ရဲ့တူရကီခရီးစဉ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တူရကီ-ဆီးရီးယား ငလျင်မလှုပ်ခင် က စီစဉ်ထားခဲ့တဲ့ ပထမဦးဆုံးခရီးစဉ်ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီလ ၆ ရက်နေ့က တူရကီနဲ့ ဆီးရီးယားမှာ ရစ်ချ် တာစကေး ၇.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ရာ နှစ်နိုင်ငံပေါင်း လူဦးရေ ၄၅,၀၀၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်နဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းမှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

 

လတ်တလောနှစ်များအတွင်း တူရကီနိုင်ငံနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားရာမှာ တူရကီနိုင်ငံက ထောက်ခံဖို့အတွက် တူရကီ ကို ကြိုးစားဖျောင်းဖျလျက်ရှိပါတယ်။

 

ဖင်လန်နဲ့ ဆွီဒင်နိုင်ငံဟာ စစ်ရေးအရဘက်မလိုက်နိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ရ ပြီးခဲ့တဲ့နှစ် ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်မှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို အဖွဲ့ဝင် ခွင့်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဆွီဒင်နိုင်ငံဟာ တူရကီက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ ကာဒစ်တိုက်ခိုက်ရေးသမားတွေကို လက်ခံထားတယ်လို့စွပ်စွဲထားပြီး ဆွီဒင်ရဲ့နေတိုးအဖွဲ့ဝင်လျှောက်ထားခွင့်ကို တူရကီက လက်မခံဘဲ ကန့်ကွက် ခဲ့ပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေဝယ်ယူရေး ထောက်ခံမယ့်ကိစ္စကို အသုံးချဖို့ကြိုးစားလာတာမှန်သမျှကို ကန့် ကွက်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လပ်တ်ကာဗူဆိုဂလူက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြော ပါတယ်။

 

“F-16 ဂျက်တိုက်လေယာဉ်တွေဝယ်ယူရေးထောက်ခံမယ့်ကိစ္စအတွက် ဆွီဒင်နဲ့ ဖင်လန် နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားတာကို လက်ခံရမယ်ဆိုတာ မမှန်ကန်ပါဘူး။ ဒီကိစ္စနှစ်ရပ်ဟာ သီးခြားစီစဉ်းစားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အကျပ်မကိုင်သင့်ဘူး။” လို့ ၎င်းက ပြောပါတယ်။

 

တူရကီနိုင်ငံငလျင်ဘေးအတွက် အကူအညီပေးရေးအစီအစဉ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ဟာ တူရကီနိုင်ငံတောင်ပိုင်း Incirlik လေတပ်အခြေစိုက်စခန်းကို တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) က ဆိုက် ရောက်လာပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ တူရကီ-ဆီးရီးယား ငလျင်ဘေးအတွက် လက်ရှိအချိန်မှာ ဒေါ်လာ ၁၈၅ သန်းလှူဒါန်းထားတယ်လို့ သိရပါတယ်။

 

Ref: US Reaffirms Pledge to Deliver Jets to Turkey

 

#PeopleMedia

 

(unicode)


………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: US Reaffirms Pledge to Deliver Jets to Turkey

 

#PeopleMedia


Share this post