တောင်ကိုရီးယားက တာဝေးပစ် ဘန်ကာဖျက်ဒုံးကျည် (KTSSM II) ထုတ်လုပ်မည်
PUBLISHED - September 21, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၁
တောင်ကိုရီးယားနိုင်ငံဟာ ဒေါ်လာ ၂၁၈ သန်း (တောင်ကိုရီးယားဝန်ငွေ ၂၉၀ ဘီလျံ) တန်ကြေးရှိ အဆင့်မြှင့် တင်ထားတဲ့ မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်တစ်ခု ဒီဇိုင်းရေးဆွဲ ထုတ်လုပ်သွားမှာဖြစ်ကြောင်း တောင် ကိုရီးယားအစိုးရက ကြေညာလိုက်ပါတယ်။
ကိုရီးယားနိုင်ငံကထုတ်လုပ်မယ့် ယာဉ်တင်မဟာဗျူဟာမြောက် မြေပြင်-မြေပြင်ပစ် ဒုံးကျည် (KTSSM II) ဟာ ရှေ့ပိုင်းမှာ ထုတ်လုပ်ထားတဲ့ KTSSM ဒုံးကျည်ထက် တာဝေးပိုမိုပစ်ခတ်နိုင်သလို ထွင်းဖောက်အားပိုမိုအား ကောင်းတဲ့ ဒုံးကျည်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇိုင်းရေးဆွဲထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ တင်ဒါရွေးချယ်မှုအများအပြားဆောင်ရွက်ပြီးချိန်မှာ ပုံစံတူထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ကန်ထရိုက်စာချုပ်တစ်ခု ချုပ်ဆိုသွားမှာဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်းစုဆောင်းရေးစီမံချက်အဖွဲ့ Defense Acquisition Program Administration) က ဖော်ပြထားပါတယ်။
“ဝင်ရိုးသုံးခုစနစ်ရဲ့အဓိက အင်အားတစ်ရပ်ဖြစ်တဲ့ နည်းဗျူဟာမြောက် မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းလမ်းညွှန် အမှတ် ၂ ဒုံးကျည်စနစ် (KTSSM II) ကို အထူးဂရုပြု ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်းအားဖြင့် ရန်သူရဲ့ရန်စကျူး ကျော် ခြိမ်းခြောက်မှုတွေကို တံ့ပြန်ဖို့ စွမ်းရည်ကို မြှင့်တင်သွားမှာဖြစ်သလို အနာဂတ်ကာလ စစ်လက်နက် ပစ္စည်း ပြည်ပတင်ပို့နိုင် ရေးကိုလည်း တိုးချဲ့သွားမှာဖြစ်ပါတယ်။” လို့ စစ်လက်နက်ပစ္စည်းစုဆောင်းရေး စီမံ ချက်အဖွဲ့က ညွှန်ကြားရေးမှူး ဂျောင်းဂျေးဂျွန်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ တာဝေးပစ်လက်နက်တွေကို အလျင်အမြန်ပြန်လည်တုံ့ပြန်ဖို့အတွက် နည်းဗျူဟာမြောက် မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်စနစ် (KTSSM) ကို တပ်ဖြန့်ချထားကြောင်း တောင်ကိုရီးယား အစိုး ရက ၂၀၁၈ ခုနှစ်တုန်းက ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်မှာ KTSSM ဒုံးကျည်စနစ်ကိုလည်း အများအပြားထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
မြေအောက်လိုဏ်ခေါင်းတွေနဲ့ ထိစပ်နေတဲ့ အနောက်ပိုင်းပင်လယ်အနီးက တောင်ကိုရီးယားပိုင် ယန်းပြောင်း ကျွန်းကို မြောက်ကိုရီးယားနိုင်ငံက ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မရိန်း တပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကို တုံ့ပြန်တဲ့အနေနဲ့ နည်းဗျူဟာမြောက် မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်စနစ် (KTSSM) ကို ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ GPS လမ်းညွှန်စနစ်တပ်ဆင်ထားတဲ့ KTSSM မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်ဟာ မြေအောက်ဘန် ကာအမာစားတွေနဲ့ လိုဏ်ခေါင်းတွေကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ဖြစ်ပါတယ်။
KTSSM ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့နဲ့အ တူလက်တွဲပြီး တောင်ကိုရီးယားနိုင်ငံက ဟန်ဝါကော်ပိုရေးရှင်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
KTSSM ဒုံးကျည်ကို လောင်ချာပစ်စင်ကနေ တပြိုင်တည်း ဒုံးကျည်လေးလုံး ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ အခု အဆင့်မြှင့်ထုတ်လုပ်မယ့် KTSSM II ဒုံးကျည်တွေကတော့ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင် တယ်လို့ ယွန်ဟတ်သတင်းဌာနက ပြောပါတယ်။
Ref: South Korea to Develop Long-Range Bunker-Busting Missile
#PeopleMedia