တောင်ကိုရီးယားက ပထမဦးဆုံးသူလျှိုဂြိုဟ်တုကို အခုလနှောင်းပိုင်းမှာ အာကာသထဲလွှတ်တင်မည်
PUBLISHED - November 7, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
တောင်ကိုရီးယားနိုင်ငံက ၎င်းတို့ရဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်စုဆောင်းနိုင်မှုစွမ်းရည်ကို မြှင့်တင် ဖို့အတွက် အခုလနှောင်းပိုင်းမှာ ၎င်းတို့ရဲ့ ပထမဦးဆုံး ပြည်တွင်းထုတ် သူလျှိုဂြိုဟ်တုကို အာကာသထဲကိုလွှတ် တင်သွားမှာဖြစ်ကြောင်း ABC သတင်းဌာနက ရေးသားဖော်ပြလိုက်ပါတယ်။
အမေရိကန်နဲ့ တခြားရန်ဘက်နိုင်ငံတွေကို စောင့်ကြည့်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက သူလျှိုဂြိုဟ်တုနှစ် စင်းလွှတ်တင်ခဲ့ရာမှာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လအနည်းငယ်အတွင်းမှာ အခုလို သူလျှိုဂြိုဟ်တုလွှတ်တင် မယ့်သတင်းကို တောင်ကိုရီးယားနိုင်ငံက ကြေညာခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အနာဂတ်စစ်ပွဲအတွက် နျူကလီးယားလက်နက်တွေကို တိုးမြှင့်ထုတ်လုပ်လျက်ရှိရာ အခုလွှတ်တင်မယ့် စစ်ဘက်ဆိုင်ရာကင်းထောက်ဂြိုဟ်တုဟာ မြောက်ကိုရီးယားအစိုးရကို ပိုမို စောင့်ကြည့် ထောက်လှမ်းနိုင်ဖို့အတွက် အထောက်အကူပေးသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာ န ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
၎င်းတို့ရဲ့ရန်ဘက်နိုင်ငံကို စောင့်ကြည့်ထောက်လှမ်းရာမှာ အမေရိကန်ဂြိုဟ်တုတွေကိုသာ မှီခိုအားထားနေတဲ့ တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်အထိ အာကာသပတ်လမ်းထဲမှာ သူလျှိုဂြိုဟ်တုတစ်စင်းမှ မရှိသေးပါ ဘူး။
တောင်ကိုရီးယားပြည်တွင်းထုတ် သူလျှိုဂြိုဟ်တုကို SpaceX’s Falcon 9 rocket နဲ့ သယ်ဆောင်သွားမှာဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒါဘာ့ဂျ်လေတပ်အခြေစိုက်စခန်း ကနေ လွှတ်တင်သွားမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်သူလျှိုဂြိုဟ်တုတွေကထောက်ပံ့ပေးပို့တဲ့ ရုပ်သံ/ပုံရိပ်တွေဟာ အလွန်ကြည်လင်ပြတ်သားပေမဲ့ လည်း အဲဒီဂြိုဟ်တုတွေဟာ အမေရိကန်ရဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တွေအရ အလုပ်လုပ်နေတာပဲ ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဌာနအရာရှိဂျန်းဟာဂျူက ပြောပါတယ်။
အမေရိကန်တွေဟာ အထူးအရေးကြီးတဲ့လျှို့ဝှက်ဂြိုဟ်တုဓာတ်ပုံတွေဆိုရင် တောင်ကိုရီးယားကို မျှဝေပေးတာ မလုပ်ပါဘူးလို့ ဂျန်းဟာဂျူက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်မူဘောင်ထဲမှာ လည်ပတ်လှုပ်ရှားမယ့် သူလျှိုဂြိုဟ် တုတစ်စင်းရှိနေခြင်းဟာ လာမယ့်အနီးကပ်အနာဂတ်ကာလမှာ မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်ထောက် လှမ်းဖို့အတွက် လွတ်လပ်တဲ့အာကာသအခြေပြုစောင့်ကြည့်ထောက်လှမ်းစနစ်တစ်ခုကို တောင်ကိုရီးယားနိုင်ငံ ကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် လက်ဦးမှုရယူတိုက်ခိုက်ရေး၊ ဒုံးကျည်ကာကွယ်ရေးနဲ့ လက်တုံ့ပြန်တိုက်ခိုက်ရေးနည်းလမ်းများပါဝင်တဲ့ မြောက်ကိုရီးယားကိုတိုက်ခိုက်မယ့် ဝင်ရိုးသုံးခုပါစနစ်တစ်ရပ်ကိုလည်း ဒီသူလျှိုဂြိုဟ်တုစနစ်က ထိထိရောက် ရောက် မြှင့်တင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ၂၀၂၅ ခုနှစ်မတိုင်ခင်ကာလမှာ နောက်ထပ် သူလျှိုဂြိုဟ်တုတွေ ထပ်မံလွှတ်တင် သွားဖို့ မျှော်လင့်ထားပါတယ်။
Ref: South Korea to Launch First Spy Satellite This Month: Report
#PeopleMedia