တောင်ကိုရီးယားဇာတ်လမ်းတွဲတွေကို ဖြန့်ဝေတဲ့အတွက် မြောက်ကိုရီးယားကလေးငယ်တွေ သေဒဏ်နဲ့ ရင်ဆိုင်နေရကြောင်း တောင်ကိုရီးယားကုလသံအမတ်ပြော
PUBLISHED - April 5, 2024
နိုင်ငံတကာ၊ ဧပြီ ၅
မြောက်ကိုရီးယားကလေးငယ်တွေဟာ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေ ဖြန့်ဝေတဲ့အတွက် သေဒဏ်ပေးခံ ရခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ခံစားနေရကြောင်း ကုလသမဂ္ဂဆိုင်ရာတောင်ကိုရီးယားနိုင် ငံသံအမတ်ကြီး ဟောင်ဂျွန်ကုတ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးမှာ သံအမတ်ကြီးဟောင်ဂျွန်ကုတ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်ပေမဲ့ မြောက်ကိုရီးယားကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရ ကြောင်း လုံခြုံရေးကောင်စီ ကလေးသူငယ်နဲ့ လက်နက်ကိုင်တိုက်ပွဲများဆိုင်ရာ အစည်းအဝေးမှာ ဟောင်ဂျွန် ကုတ်က ပြောပါတယ်။
“မြောက်ကိုရီးယားပြည်သူတွေရဲ့ ပြောကြားချက်နဲ့ မြောက်ကိုရီးယားပြည်ပြေးတွေရဲ့ ထွက်ဆိုချက်တွေအရ မြောက်ကိုရီးယားမှာရှိတဲ့ ကလေးတွေဟာ တောင်ကိုရီးယားဇာတ်လမ်းတွဲတွေကို ဖြန့်ဝေတဲ့အတွက် သေဒဏ် ပေးခံရခြင်း၊ မိသားစုဝင်တွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ထိန်းသိမ်းခံရခြင်း၊ ကလေးလုပ်သားအ ဖြစ် အပြစ်ပေးခံရခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အလွန်ဆိုးရွားစွာ တွေ့ကြုံခံစားနေရတယ် လို့ သိရပါတယ်။” လို့ သံအမတ်ကြီးဟောင်ဂျွန်ကုတ်က ပြောပါတယ်။
နိုင်ငံ့ခေါင်းဆောင်ဟာ နိုင်ငံရဲ့သယံဇာတရင်းမြစ်တွေကို နျူကလီးယားလက်နက်ထုတ်လုပ်ရေး၊ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးနဲ့ ဇိမ်ခံပစ္စည်းဝယ်ယူရေးတို့အတွက်အသုံးပြုနေတဲ့အတွက် မြောက်ကိုရီးယားကလေးတွေဟာ လူသားချင်းစာနာမှုအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရကြောင်း ၎င်းက ပြောပါတယ်။
မြောက်ကိုရီးယားကလေးသူငယ် ၁၇ ရာခိုင်နှုန်းဟာ အဟာရမပြည့်ဝမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတဲ့ဒဏ် ကို ခံစားနေရကြောင်းလည်း ယူနီဆက်၊ WHO နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုတဲ့ အစီရင်ခံစာကို ကိုးကားပြီး ဟောင် ဂျွန်ကုတ်က ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြောင်ဒေသက စစ်ပွဲကို ရည်ညွှန်းပြီး နိုင်ငံတကာ လူ သားချင်းစာနာမှုဥပဒေအရ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ကလေးသူငယ်တွေဟာ အထူးဂရုပြု ကာကွယ်စောင့်ရှောက်မှုကို ရရှိခံစားခွင့်ရှိကြောင်း ဟောင်ဂျွန်ကုတ်က ပြောပါတယ်။
ဂါဇာဒေသမှာ မကြာသေးခင်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် World Central Kitchen အဖွဲ့က လူမှုကူညီရေးဝန်ထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။
Ref: North Korean kids face death penalty for distributing K-dramas: Seoul envoy
#PeopleMedia