တောင်ကိုရီးယားအတိုက်အခံပါတီခေါင်းဆောင် လီဂျေးမြောင် ဓားထိုးခံရပြီး ဆေးရုံတက်ရောက်ကုသနေရ
PUBLISHED - January 2, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂
တောင်ကိုရီးယားနိုင်ငံရဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်ဟာ နိုင်ငံတောင်ပိုင်းက ဘူဆန်မြို့ကို အင်္ဂါနေ့ (ဇန်နဝါရီလ ၂ ရက်နေ့) က သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုမှာ လည်ပင်းကို ဓားနဲ့အထိုးခံ လိုက်ရတဲ့အတွက် ဆေးဝါးကုသဖို့ တက္ကသိုလ်ဆေးရုံတစ်ခုကို ရဟတ်ယာဉ်နဲ့သယ်ဆောင်သွားကြောင်း ပါတီ အရာရှိတွေနဲ့ မီးသတ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သီသီလေးကပ်ရှုံးခဲ့တဲ့ လီဂျေးမြောင်ဟာ အဆိုပြုထားတဲ့လေဆိပ်တည် ဆောက်ရေးလုပ်ငန်းခွင်ထဲကို လှည့်လည်ကြည့်ရှုနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ကြောင်း အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဓားဒဏ်ရာက လီဂျေးမြောင်ရဲ့လည်ပင်းမှာ ၁ စင်တီမီတာလောက် နက်ဝင်သွားခဲ့တယ်လို့ YTN ရုပ်သံဌာနက ပြောပါတယ်။ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဆေးရုံဝန်ထမ်းတွေက အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
လီဂျေးမြောင်ကို မီးသတ်ဦးစီးဌာနရဲ့ရဟတ်ယာဉ်နဲ့ ပူဆန်အမျိုးသားတက္ကသိုလ်ဆေးရုံကို သယ်ဆောင်သွားပြီး အရေးပေါ်အခန်းထဲမှာ ဆေးဝါးကုသပေးနေကြောင်း ဆေးရုံအရာထမ်းတစ်ဦးနဲ့ မီးသတ်ဦးစီးဌာနအရာထမ်း တစ်ဦးက ရိုက်တာကို ပြောပါတယ်။
တိုက်ခိုက်တဲ့သူဟာ အသက် ၅၀ နဲ့ ၆၀ ကြားရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လီဂျေးမြောင်နာမည်ပါတဲ့စက္ကူသရဖူ တစ်ခုကို ခေါင်းမှာပတ်ထားတယ်လို့ ဆိုပါတယ်။
ထောက်ခံသူတွေနဲ့ သတင်းထောက်တွေကြားထဲမှာ လီဂျေးမြောင်စကားပြောနေစဉ်မှာ အဲဒီပုဂ္ဂိုလ်က အနားကို ချဉ်းကပ်လာပြီးနောက် အမှတ်တရလက်မှတ်ရေးထိုးပေးဖို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ရှေ့ကို ဆတ်ခနဲတိုးလိုက်ပြီး လီဂျေးမြောင်ကို ရုတ်တရုတ်တိုက်ခိုက်လိုက်တာကို ဗီဒီယိုဖိုင်ထဲမှာ မြင်ရပါတယ်။
အခင်းဖြစ်နေရာမှာ ရဲအရာရှိ နှစ်ဒါဇင်ရှိနေကြောင်း အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့ လီဂျေးမြောင်ထောက်ခံ သူတစ်ဦးဖြစ်တဲ့ ဂျင်းဂျောင်းဟွာက ရိုက်တာကို ပြောပါတယ်။
တိုက်ခိုက်တဲ့ကို ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် အနားမှာရှိတဲ့ အမျိုးသားတွေက ချက်ချင်း ဝိုင်းဝန်းဖမ်းဆီးလိုက် ပါတယ်။
လီဂျေးမြောင်ကို ဘာ့ကြောင့်အခုလိုတိုက်ခိုက်ရတာလဲဆိုတဲ့ ရဲအရာရှိတွေရဲ့ မေးခွန်းကို အဲဒီပုဂ္ဂိုလ်က ဖြေဆို ခြင်းရှိဘူးလို့ ဘူဆန်အီဘိုနေ့စဉ်သတင်းစာက ရေးသားထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ ခွင့်မလွှတ်နိုင်တဲ့ဆောင်ရွက်ချက်ဖြစ်ကြောင်း ပြောဆိုရင်း အဲဒီတိုက်ခိုက်မှုကို တောင်ကိုရီး ယားသမ္မတယွန်းဆောက်ယိုက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
လီဂျေးမြောင် တိုက်ခိုက်ခံရမှုအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း သမ္မတယွန်းဆောက်ယိုက ပြောဆိုလိုက်ပြီး အမြန်ဆုံးသက်သာပျောက်ကင်းအောင် အကောင်းဆုံးကြပ်မတ်ကုသပေးဖို့ ညွှန်ကြားလိုက်ကြောင်း သမ္မတရုံး က ပြောပါတယ်။
၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဂျောင်ဂီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ လီဂျေးမြောင်ဟာ ရှေ့နေချုပ်ဟောင်းဖြစ်သူ ပြည်သူ့အင်အားကွန်ဆာဗေးတစ်ပါတီဝင် ယွန်းဆောက်ယိုကို သီသီလေးကပ်ရှုံးခဲ့ တာဖြစ်ပါတယ်။
လီဂျေးမြောင်ဟာ ဆိုးလ်မြို့အနီးက ဆောင်းနမ်မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်စဉ် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းတစ်ခုကနေ လာဘ်စားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လက်ရှိအချိန်မှာ တရားရင်ဆိုင်နေရသူဖြစ်ပါတယ်။
လီဂျေးမြောင်ကတော့ ၎င်းအနေနဲ့ ဘာတစ်ခုမှ အမှားအယွင်းမလုပ်ခဲ့ကြောင်း၊ စွပ်စွဲချက်တွေဟာ လုပ်ကြံမှု တွေဖြစ်ပြီး နိုင်ငံရေးအရ လုပ်ကြံမှုတစ်ခုဖြစ်ကြောင်း ပြောဆိုပါတယ်။
လီဂျေးမြောင်ဟာ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ အဓိကအတိုက်အခံပါတီကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲဟာ လာမယ့် ဧပြီလအတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။
Ref: South Korea opposition chief conscious after stabbing
#PeopleMedia