တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅) ထပ်ကုသဆောင်သစ်ဖွင့်လှစ်ပွဲ
PUBLISHED - January 3, 2024
နေပြည်တော်၊ ဇန်နဝါရီ ၃
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ (၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ် ကုသဆောင်သစ်ဖွင့်ပွဲကို ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ် ဝဏ္ဏစိုးတို့က (၅) ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက တောင်ကြီးမြို့တွင် ဗဟိုအဆင့်ဆေးရုံ (၂)ရုံ၊ ဆေးတက္ကသိုလ်၊ သူနာပြုသင်တန်း ကျောင်း၊ သားဖွားသင်တန်းကျောင်းတို့ကို ဖွင့်လှစ်ထားရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ပြည်သူ့ဆေးရုံပေါင်း (၆၉)ရုံကို ဖွင့်လှစ်ထားရှိကြောင်း၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးကို (၁၉၅၇)ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု အကူအညီဖြင့် စတင်တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာ-ရုရှချစ်ကြည်ရေးအတွက် အရေးကြီးသော မှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ သင်ကြားရေးဆေးရုံကြီးလည်းဖြစ်ကာ ကင်ဆာရောဂါကုသနိုင်သည့် အဓိကဆေးရုံလည်း ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယခုဖွင့်လှစ်သည့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂ဒသမ၅ ဘီလီယံကျော် (၂၅၉၂ဒသမ၅ ကျပ်သန်း) အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကု သမှုဌာနနှင့် စာသင်ခန်းမ၊ ဓာတ်မှန်ဌာန၊ အရိုးကုသဆောင်၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုမည့် (Endoscopy) အခန်းနှင့် ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ စာသင်ခန်းများ၊ ခွဲစိတ်ခန်း (၅)ခန်း တို့ပါဝင်ကာ လူနာခုတင်အသစ်များ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသခန်း၊ အရေးပေါ်ဌာနတို့အတွက် လိုအပ် သည့် ဆေးရုံသုံးစက်ပစ္စည်းကိရိယာများကို ဖြည့်ဆည်းတပ်ဆင်ပေးထားကြောင်း သိရသည်။
#PeopleMedia