တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင်တိုင်ကျင်းပမည်
PUBLISHED - November 22, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ယခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲ နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း/အုပ်စုအရုပ်)၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံး ပျံပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖွင့်ပွဲတွင် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကျင်းပရေးကော်မတီမှ စိန်နား ပန်မီးပုံးပျံနှစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသားတိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား ကျောင်းသူ ၁၂၀၀ က မီးပုံးပျံအသေး ၃၀၀ နှင့် ပရိသတ်များက ကုမ္ပဏီ မီးပုံးပျံ အသေး အလုံး ၂၀၀၀ လွှတ်တင်ပေး၍ မီးရှူး၊ မီးပန်းပစ်ဖောက်ပေးခဲ့ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အပါ (၇၁) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တိုတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မီးပုံးပျံပွဲမကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
#PeopleMedia