တောင်ငူခရိုင်အတွင်း ရေဘေးရှောင်စခန်း (၈၇) ခုဖွင့်လှစ်ထားပြီး လူဦးရေ (၇၇၀၀၀) ကျော်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထား
PUBLISHED - September 16, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၆
တောင်ငူခရိုင်အတွင်း ရေဘေးရှောင်စခန်း (၈၇) ဖွင့်လှစ်ထားပြီး ရေဘေးရှောင်ပြည်သူလူဦးရေ (၇၇၇၇၂) ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့မှ ဦးဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားလျက်ရှိကြောင်း သိရသည်။
တောင်ငူခရိုင်အတွင်းရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက် ရှိသောကြောင့် တောင်ငူခရိုင်တွင်းရှိ၊ တောင်ငူ မြို့နယ်တွင် ရေဘေးရှောင်စခန်း(၅၁)ခု၊ အိမ်ထောင်စု(၈၉၃၁)စု၊ လူဦးရေ(၃၆၈၄၁)ဦး၊ ရေတာရှည် မြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၈)ခု၊ အိမ်ထောင်စု(၄၂၉၆)စု၊ လူဦးရေ(၁၆၈၁၂)ဦး၊ ထန်းတပင်မြို့နယ်တွင် ရေဘေးရှောင်စခန်း (၈)ခု၊ အိမ်ထောင်စု(၉၆၂)စု၊ လူဦးရေ(၃၃၅၅)ဦး၊ အုတ်တွင်းမြို့နယ်တွင် ရေဘေးရှောင် စခန်း (၁၀)ခု၊ အိမ်ထောင်စု(၅၁၁၃)စု၊ လူဦးရေ(၂၀၇၆၄)ဦး၊ စုစုပေါင်း တောင်ငူခရိုင်အတွင်း ရေဘေးရှောင် စခန်း(၈၇)ခုရှိပြီး၊ အိမ်ထောင်စု(၁၉၃၀၂)တို့မှ ရေဘေးရှောင်ပြည်သူလူဦးရေ (၇၇၇၇၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့မှ ဦးဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားလျက်ရှိ ကြောင်း သိရသည်။
အဆိုပါရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပြီး တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တောင်ငူခရိုင် တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားသည့်နေရာများသို့ သွားရောက်ကူညီပေးသည့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ကယ်ဆယ်ရေးသမားတစ်ဦးလည်း ပျောက်ဆုံးနေလျက်ရှိ ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၇၈ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၅၃၁ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက် ညပိုင်းအထိရရှိသော စာရင်းများအရ ပြည်သူ ၁၁၃ ဦး သေဆုံးခဲ့ပြီး ၁၂၀ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း သိရသည်။
#PeopleMedia